ကံမ ဩဂုတ် ၂၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၊ အမှတ် (၄) ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း (ကံမ) ၏ မြဝတီခန်းမ၌ ယမန်နေ့ မွန်းလွဲ (၂) နာရီက ကျောင်းကျန်းမာရေး ရက်သတ္တပတ်အဖြစ် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောကို ပြုလုပ်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝေလင်းဗိုလ်က လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်သင်းသင်းကြူက မျောက်ကျောက်ရောဂါအကြောင်းနှင့် သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာသဉ္ဇာထွန်းက သွားနှင့် ခံတွင်းကျန်းမာရေးအကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့ကြသည်။
ထို့အပြင် ဒေါက်တာဝေလင်းဗိုလ်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား ကျောင်းသူများအား မျက်စိအမြင်အာရုံ စစ်ဆေးပေးခြင်း၊ သွားနှင့် ခံတွင်းကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်းများအား ပြုလုပ်ပေးပြီး လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများအား ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)