နတ်မောက်မြို့ အခြေခံပညာအလယ်တန်းကျောင်း(တမာပင်)၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

နတ်မောက်  ဩဂုတ် ၂၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို  ယမန်နေ့နံနက် (၉) နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း (တမာပင်) ၌ပြုလုပ်သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ဥမ္မာခင် (ဦးစီးအရာရှိ)က ကျောင်းသား/သူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်နှင့်  ထူးချွန်ထက်မြက်သူများ ဖြစ်လာစေရန်ရည်ရွယ်၍ ဟောပြောပွဲများပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ မျက်မှောက်ခေတ်ကာလ လူငယ်များအတွက် လက်ကိုင်ဖုန်းပေါ်မှာပင်၊  မိမိနှစ်သက်ရာဘာသာဖြင့် စာအုပ်စာပေကို အကျိုးရှိအောင် ရှာဖွေဆည်းပူးခြင်းထက် စိတ်ခံစားမှုအား နှိုးဆွဆွဲဆောင်သော လမ်းမှားသို့ မရောက်ရှိအောင် အသိပညာဗဟုသုတ ရှာဖွေရန်အတွက် မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုနိုင်သလို မြို့ပေါ်ရပ်ကွက်ရှိ အခြေခံပညာရေးကျောင်းများသို့ ရွေ့လျားစာကြည့်တိုက်ကားဖြင့် လာရောက်ရာတွင် စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်ပါကြောင်း ဟောပြောဆွေးနွေးသည်။

ဆက်လက်၍ မကွေးဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဝင်း (စာရေးဆရာ မောင်နန္ဒ-မြစ်ကြီးနား)က ကျောင်းသား/သူများအနေဖြင့် အသက်(၁၈)နှစ်ပြည့်မှသာလျှင် ယာဉ်မောင်း လိုင်စင်ပြုလုပ်၍ မော်တော်ဆိုင်ကယ်စီးနင်းကြရန်၊ ဆိုင်ကယ်မောင်းနင်ရာတွင် ဆိုင်ကယ်ဦးထုပ်၊ မေးသိုင်းကြိုးများ တပ်ဆင်၍ သတိရှိစွာဖြင့် မပေါ့မဆဘဲစီးနင်းကြရန်၊ မော်တော်ဆိုင်ကယ်များစီးနင်းပါက ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့် အညီလိုက်နာဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားပြီး  ကျောင်းသား/သူများအနေဖြင့် အတတ်ပညာတစ်ခုအတွက် ပညာကို လေ့လာသင်ယူရုံမျှမဟုတ်ဘဲ အသိပညာဗဟုသုတ တိုးပွားရေးအတွက် စာများများ ဖတ်ရှုလေ့လာရမှာ ဖြစ်ကြောင်း၊ စာပေလေ့လာမှသာ မိမိ၏ကျောင်းစာကို အထောက်အပံ့ဖြစ်စေသလို မိမိဘဝတိုးတက်ရေးအတွက်လည်း ကောင်းမွန်တဲ့စိတ်ဓာတ်၊ ခံယူချက်များ ရရှိမှာဖြစ်ပါကြောင်း၊ အသိပညာတိုးပွားဖို့ အသိကြွယ်အမြင်ကျယ်ရေးအတွက် အကျိုးရှိသောစာများကို ဖတ်ရှုကြရမှာဖြစ်ကြောင်း ဟောပြောဆွေးနွေးသည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေး နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်စာစောင်များကို ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုကြပြီး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပခဲ့ရာ ဆုရရှိသူများအား ဆုများချီးမြှင့်ပေးခဲ့သည်။

လှဝင်း