ရေဦး ဩဂုတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် ရေဦးမြို့နယ် ရဲတပ်ဖွဲ့နှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းနှင့် သက်ငယ်မုဒိမ်းမှုပပျောက်ရေး အသိပညာပေးဟောပြောပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းက အမှာစကားပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်၀င်းလှိုင်က မူးယစ်ဆေးဝါးစတင်ပေါ်ပေါက်လာခဲ့ပုံ၊ ဘိန်းစိုက်ပျိုးထုတ်လုပ်ရာဒေသများ၊ နိုင်ငံအတွင်း နည်းလမ်းပေါင်းစုံအသုံးပြုလျက် တရားမ၀င်မူးယစ်ဆေး၀ါးနှင့် ဆက်စပ်ပစ္စည်းများကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် ရှာဖွေဖမ်းဆီးအရေးယူဆောင်ရွက်နေမှုများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုးများ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်းတို့ကိုလည်းကောင်း၊ ထို့ပြင် ရဲမှူးက သက်ငယ်မုဒိမ်းမှုလျော့နည်းပပျောက်စေရေးနှင့်ပတ်သက်၍ မိဘအုပ်ထိန်းသူများ သတိပြုလိုက်နာရမည့်အချက်များ၊ သက်ငယ်မုဒိမ်းမှုမဖြစ်ပွားစေရေး ကလေးငယ်များသတိပြုရမည့်အချက်နှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကိုပါ ထည့်သွင်းပြောကြားခဲ့သည်။
ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ခရိုင်ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတာ၀န်ရှိသူများက အမျိုးသမီးငယ်များအား ခြိမ်းခြောက်လာသော သက်ငယ်မုဒိမ်းမှုအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
သန်းသန်း (ရေဦး)