စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားတက်ရောက်

မုံရွာ သြဂုတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ဟုမ္မလင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအတွင်း ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဟုမ္မလင်းတပ်နယ်မှူးနှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဟုမ္မလင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးပညာရေးမှူး၊ ဟုမ္မလင်းတပ်နယ်မှူး၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဟုမ္မလင်းမြို့နယ် ဦးစီးမှူးတို့က ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်ပေးကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဘင်ခရာ/ပန်းပွား အဖွဲ့တို့အား ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိ ဘိုးရာဇာ ခန်းမတွင် ကျင်းပပြုလုပ်သော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော် အခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ဟုမ္မလင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများက “ပညာဘဏ်တိုက် စာကြည့်တိုက်” တေးသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ပညာသင်ခြင်းသည် နိုင်ငံ၏အနာဂတ်တွင် မရှိမဖြစ်အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ် ပျိုးထောင်ခြင်းဖြစ်၍ လူငယ်များအပါအဝင် ပြည်သူများစာဖတ်ကြစေရန်၊ စာပေလေ့လာဖတ်ရှုနိုင်သည့် ပတ်ဝန်းကျင်‌ကောင်းများ ဖန်တီးပေးရန်နှင့် အသိပညာမြင့်မားအောင် လုပ်ဆောင်ကြရန် အတွက် စာကြည့်တိုက်များ၏အခန်းကဏ္ဍနှင့် စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားရေးအား လုပ်ဆောင်ကြရန် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်များနှင့်အညီ မိမိတို့တိုင်း ဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများအား စဉ်ဆက်မပြတ်ကြီးကြပ်ခြင်း၊ ပံ့ပိုးကူညီခြင်းများ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်/ရပ်ကွက်၊ ကျေးရွာများမှ တာဝန်ရှိသူများ အခြေခံပညာကျောင်းများနှင့် အဆင့်ဆင့်သော အဖွဲ့အစည်းများမှ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများတွင် အလေးထားကာ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ၆ ဘာသာ၊ ၃ ဘာသာ၊ ဂုဏ်ထူးရရှိခဲ့သည့် ကျောင်းသား/သူများ၊ လူရည်ချွန်များ၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများတွင် ဆုများရရှိခဲ့ကြသည့် ကျောင်းသား/သူများနှင့် ကျောင်းစာကြည့်တိုက်များအတွက် ထောက်ပံ့ငွေများနှင့် သုတ/ရသ စာအုပ်စာစောင်များအား ပေးအပ်ချီးမြှင့်ကြ သည်။   

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက “စာပဒေသာဝေ ဆာစေမည်” Videp Clip အား ကြည့်ရှုအားပေးကာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုကြပြဖျော်ဖြေကြသည်။

ထို့နော်က တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်းရှိ ကျောင်းစာကြည့်အတွင်း ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာနေမှုများနှင့် စာအုပ်/စာစောင်များ စနစ်တကျထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စာဖတ်ရှိန်မြှင့်တင်ရေး ကျောင်းသား၊ ကျောင်းသူများ စာဖတ်ဝိုင်းဆွေးနွေးပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ၊ ကျပန်းစကား ပြောပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားရှိသော သုတ၊ ရသစာအုပ်စာစောင်များနှင့် အားကစားပြိုင်ပွဲများ ကျင်းပနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး တာဝန်ရှိသူများနှင့်အတူ ပြိုင်ပွဲများတွင် ဆုရရှိကြသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)