မြို့သစ် ဩဂုတ် ၂၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စျေးရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း စာသင်ခန်းမ၌ ယမန်နေ့နေ့လယ်(၁)နာရီ (၃ဝ)အချိန် ကစာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်ပြပွဲ ကျင်းပခဲ့သည်။
အဆိုပါ စာအုပ်ပြပွဲတွင် မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းအိဇွန်က ကျောင်းသား/ကျောင်းသူများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုကြစေရန်စသည့် နယ်လှည့်စာကြည့်တိုက်၊ စာအုပ်စာစောင်ပြပွဲနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားပြီးနောက် တိုင်းရင်းသားရုပ်ပုံပြစာအုပ်များ၊ ပုံပြင်စာအုပ်များနှင့် မဂ္ဂဇင်းစာအုပ်များကို ပြသကြည့်ရှုစေခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စာအုပ်စာစောင်များကို ငှားရမ်းပေးခြင်းတို့အပြင် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ ပြပွဲ/ ပြိုင်ပွဲများပြုလုပ်ပေးခြင်း၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဒေသနေပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် Online မှတစ်ဆင့် Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်တင်ဆက်ပေးခြင်းတို့ကိုလည်း ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)