ပွင့်ဖြူမြို့၊ အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ပွင့်ဖြူ ဩဂုတ် ၂၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား ကျောင်းသူများ စာပေအသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီက ပွင့်ဖြူမြို့၊ အမှတ် (၁) အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇင်မာအောင်က ကျောင်းသား ကျောင်းသူများအနေဖြင့်ဘက်စုံထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ဖြစ်လာစေရန် အားလပ်ချိန်များတွင် ကျောင်းစာအပြင် မိမိဘဝအတွက် အသိပညာဗဟုသုတရရှိစေမည့် သုတ/ ရသစာအုပ်စာစောင်များကို ဖတ်ရှုကြစေလိုကြောင်း၊ "စာအုပ်စာပေ လူ့မိတ်ဆွေ"ဆိုသည့် စကားအတိုင်း စာပေလေ့လာ ဖတ်ရှုခြင်းသည် မိမိဘဝအတွက် မိတ်ဆွေကောင်းရရှိခြင်းပင်ဖြစ်၍ စာများများဖတ်ကြစေလိုကြောင်းနှင့် မိမိတို့ဌာနက ပြည်သူများ စာပေအသိပညာ ဗဟုသုတ ကြွယ်ဝစေရန် အသိပညာပေးခြင်းဝန်ဆောင်မှုလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ဆရာ ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် သုတ/ရသစာအုပ်စာစောင်များကို ဖတ်ရှုခဲ့ကြပြီး အသိပညာပေးနံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )