စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် သာယာဝတီခရိုင်တွင် ကျင်းပ

သာယာဝတီ ဩဂုတ် ၂၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်အတွင်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့် အလေ့အထတွင် ပျော်မွေ့လာစေရန်အတွက် အခြေခံပညာကျောင်းများကို အခြေခံ၍ကျင်းပသည့် "စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်" အခမ်းအနားကို ဩဂုတ်လ ၂၀ ရက်နေ့၊ နံနက် ၁၀ နာရီ ၃၀ မိနစ် အချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ရှေးဦးစွာ “စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်” မုခ်ဦးဖွင့်ပွဲအခမ်းအနားအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ စီးပွားရေးဝန်ကြီး ဦးတင်ဦး၊ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင့်ဆွေ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အမှာစကားပြောကြားပြီး၊ သာယာဝတီမြို့နယ် အခြေခံပညာကျောင်းများအတွက် သုတရသ စာအုပ်စာစောင်အုပ်(၆၀၀)နှင့် အလှူရှင်များလှူဒါန်းသည့် စာအုပ်(၁၀၀)ကို မြို့နယ်ပညာရေးမှူးထံလည်းကောင်း၊ စာပေဟောပြောသည့် ဆရာများနှင့် ဖျော်ဖြေတင်ဆက်သည့် ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးအဖွဲ့ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း/ ခရိုင်အ ဆင့်တာဝန်ရှိသူများက ကျောင်းသား/သူများ၏ ဘက်စုံပညာနှင့်ပတ်သက်သည့် ပြိုင်ပွဲဝင်နေမှုများ၊ ကလေးစာဖတ်ခန်း၊ နံရံကပ်စာစောင်၊ ဓာတ်ပုံ၊ စာအုပ်ပြခန်း၊ စိတ်ဝင်စားဖွယ်ရာပြခန်းများနှင့် စာအုပ်ဈေးရောင်းဆိုင်များ၊ စတုဒီသာကျွေးမွေးခြင်းတို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ်ကျင်းပပြုလုပ်ခဲ့ရာ စာရေးဆရာခက်လှိုင်းကျော်(စာပေဗိမ္မာန် ၃ ဆုရှင်) က "ပညာလိုချင်ပညာသင်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာခင်မောင်မြင့် (ရွေဆယ်မြေ၊ စာပေဗိမ္မာန်ကလေးစာပေဆုရ)က "လူငယ်နှင့်စာပေ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဟောပြောခြင်း၊ ကျောင်းသား/သူလေးများက ဖျော်ဖြေတင်ဆက်ခြင်း၊ ဆုရရှိသည့် ကျောင်းသား/သူလေးများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ခြင်းအစီအစဥ်များ ပြုလုပ်ခဲ့၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်နှင်းအေးက ကျေးဇူးတင်စကားပြာကြားခဲ့ကြောင်း သိရသည်။

အဆိုပါပွဲတော်ကို မြို့နယ်အတွင်းရှိ အခြခံပညာကျောင်းပေါင်း (၁၉၂)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများမှ စုစုပေါင်းဆရာ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ အင်အား ၃၅၀၀ ဦးခန့် ပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့ကြောင်း သိရသည်။

သာယာဝတီမိုး