စလင်းမြို့နယ်တွင် မကွေးတိုင်းဒေသကြီး သင်ကြားရေးဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက အခမဲ့ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုပေး

စလင်း သြဂုတ် ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် မကွေးတိုင်းဒေသကြီး သင်ကြားရေးဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုများအား အခမဲ့ကွင်းဆင်းကုသပေးခြင်းကို ယမန်နေ့နံနက် (၇) နာရီအချိန်မှစတင်ကာ ဆေးရုံကြီးအတွင်း၌ ဝေဒနာရှင်များ ရောဂါသက်သာပျောက်ကင်းစေရေး စမ်းသပ်စစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကုသပေးခြင်းများကို မကွေးတိုင်းဒေသကြီး ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ သိန်းဌေးမှ ဦးဆောင်၍ လက်ထောက်အထူးကုဆရာဝန်များဖြင့် ဆရာ/ ဆရာမ (၄၇) ဦးတို့မှ စလင်းမြို့ ပေါင်းနားရပ်ကွက်ရှိ ကုတင် (၅၀) ဆံ့ပြည်သူ့ဆေးရုံကြီးအတွင်း၌ ဒေသခံပြည်သူများအား အခမဲ့လာရောက်၍ စမ်းသပ်စစ်ဆေး၍ လိုအပ်သည့်ဆေးဝါးများကို အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါနယ်လှည့်ဆေးကုသရေးအဖွဲ့ တိုင်းဒေသကြီး ခွဲစိတ်အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာသိန်းဌေးနှင့် လက်ထောက်ဆရာဝန်ကြီးများ ဆရာ/ ဆရာမများမှ အထွေထွေရောဂါ (၁၅၇) ဦး၊ မျက်စိရောဂါ (၇၅) ဦး၊ ခွဲစိတ်အထူးကု (၃၇)ဦး၊ ဆီးနှင့် ကျောက်ကပ်ရောဂါ (၁၈) ဦး၊ အရိုးအကြောရောဂါ (၂၀၃) ဦး၊ သားဖွားနှင့် မီးယပ်ရောဂါ (၅၁) ဦး၊ သွားနှင့် ခံတွင်းရောဂါ ဝေဒနာရှင် (၂၇) ဦး၊ စုစုပေါင်း (၅၆၈) ဦးတို့အား နံနက်(၇) နာရီမှ နေ့လယ် (၂) နာရီ ၄၀မိနစ် အချိန်အထိ စမ်းသပ်စစ်ဆေးကုသပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စလင်းမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား နယ်လှည့်ဆေးကုသပေးသည့် တိုင်းသင်ကြားရေးဆေးကုသပေးအဖွဲ့နှင့်အတူ ဆေးကုသပေးခြင်းများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင့်ဆွေနှင့် ကျန်းမာရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ဒုရဲမှူး အောင်စောဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ မြို့နယ်အတွင်းရှိ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ပရဟိတစေတနာရှင်အဖွဲ့များမှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

(မောင်လွင်)စလင်း