ကသာ ဇန်နဝါရီ ၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး သင်တန်း ဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက် (၉) နာရီ အချိန်က ကသာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကသာမြို့နယ် စီမံခန့်ခွဲမှုကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်သူရစိုးက အဖွင့်အမှာစကား ပြောကြားပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခင်ထွန်း က " စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူးများအား ရပ်ရွာလူထုအတွင်း မူးယစ်ဆေးဝါး ပြဿနာများအား ပညာပေးစည်းရုံး ဆောင်ရွက်ခြင်း၊ လူမှုအဖွဲ့အစည်းအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုလျှော့ချရေး လုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက် သွားနိုင်ရန်၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများတွင် တာဝန်ယူဆောင်ရွက်သွားမည့် ပုဂ္ဂိုလ်များအား အသစ် လေ့ကျင့် မွေးထုတ်ပေးရေး၊ လူငယ်အတွင်း မူးယစ်ဆေးဝါး အန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းတတ်စေရန်၊ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်တတ်စေရန်၊ မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေး သင်တန်းဆင်းသင်တန်းသားများအား မိသားစု၊ ရပ်ရွာ၊ လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ရောက် နေထိုင်သည့်အခါ စေတနာ့ဝန်ထမ်း ကြီးကြပ်ရေးမှူးများက နောက်ဆက်တွဲ စောင့်ရှောက်ရေးလုပ်ငန်း (After Care Services) ကို ဆောင်ရွက်ပေးခြင်းဖြင့် မူးယစ်ဆေးဝါး ပြန်လည် မသုံးစွဲစေရန်အတွက် အထောက်အကူ ဖြစ်စေရန် " စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး သင်တန်းသို့ ကသာမြို့နယ်အတွင်းရှိ ရပ်ကွက် ကျေးရွာများမှ သင်တန်းသား (၃၅) ဦး တက်ရောက် သင်ယူလျက်ရှိပြီး သင်တန်းကာလမှာ ဇန်နဝါရီလ (၈) ရက်နေ့မှ (၁၂) ရက်နေ့ထိ (၅) ရက်တာ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။
နိုင်လင်းထက် (ပြန်/ဆက်)