မြစ်သား သြဂုတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကျေးလက်နေဒေသခံတောင်သူများ နှမ်းစိုက်ခင်း(၃၅၆၁)ဧက စိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးအဆင်ပြေမှုကြောင့် သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ကောင်းမွန်လာသဖြင့် ဒေသခံတောင်သူများက သီးနှံများကို တစ်နှစ်ပတ်လုံးစိုက်ပျိုးရေးလုပ်ကိုင်လျက်ရှိရာ ယခုအခါ နှမ်းများစိုက်ပျိုးရန်အတွက် မိုးဦးမကျခင်ကာလမှစတင်ကာ ယာမြေများကိုပြုပြင်ခြင်း၊ ထွန်ယက်ခြင်း၊ ပေါင်းကောက်ခြင်းများ ပြုလုပ်ကာ ယာထွန်ခတစ်မနက်လျှင်(၂၅၀၀၀ိ/-)ကျပ်နှုန်းပေးပြီး ပေါင်းကောက်ငှားရမ်းခ တစ်မနက်ခင်း(၄၀၀၀ိ/-)ကျပ်နှုန်းဖြစ်ကြောင်းနှင့် ဒေသခံတောင်သူများသည် နှမ်းစိုက်ရာတွင် ဘောင်ကန့်ရေသွင်းစနစ်ဖြင့် မျိုးစေ့ချ စိုက်ပျိုးခြင်းဖြစ်ပြီး တစ်ဧကလျှင်(၁)ပြည်နှင့်(၄)ဗူးသာကုန်ကျ၍ နှစ်လခန့်အကြာတွင် နှမ်းစိုက်ခင်းများ အပွင့်၊ အသီးစတင်ဖူးပွင့်ပြီး လေးလခန့်အကြာတွင် စတင်ရိတ်သိမ်း၍ရပါကြောင်း၊ နှမ်းတစ်တင်းကို (၁၅၀၀၀၀)ကျပ်နှင့် (၁၆၀၀၀၀) ကျပ်စျေးနှုန်းရှိသဖြင့် တစ်ဧကအထွက်နှုန်းမှာ(၁၆)တင်းဝန်းကျင်ထွက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
မြစ်သားမြို့နယ်အတွင်းရှိ ယခုနှစ်နှမ်းစိုက်ပျိုးခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ဒေသခံတောင်သူများအနေဖြင့် နှမ်းများရိတ်သိမ်းပြီးစီးချိန်တွင် ပဲတီစိမ်း စသည့်ဆောင်းသီးနှံများကို ထပ်မံစိုက်ပျိုးသွားမည်ဖြစ်ပြီး သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးထပ်သီးနှံများ စိုက်ပျိုးရန်အတွက် သက်တမ်းတိုပြီး အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များကိုသာ ရွေးချယ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ဝင်းမင်းထွန်း