မြောက်ဥက္ကလာပ ဩဂုတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ဂိုဏ်းပေါင်းစုံမြို့နယ်သံဃာ့အဖွဲ့အစည်းအသီးသီးမှ ဆရာတော်ကြီးများအား မြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန် ဆုတောင်းပြည့်မယ်လမုစေတီ သုံးထပ်သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာအခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လောဟာနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်များက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဩဝါဒါစရိယ၊ မင်္ဂလဓမ္မဇောတိကဓဇ (မဟာဂန္ထဝါစကပဏ္ဍိတ)ဘဒ္ဒန္တဉာဏိန္ဒဇလွန်ပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ဆရာတော်သံဃာတော် အရှင်သူမြတ်များက မေတ္တသုတ်အစရှိသော ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြပြီး စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်(၂)ဦးမင်းမင်းဦးက ဝါဆိုသင်္ကန်းဆက်ကပ်ရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်-၂ မိသားစုထံမှ လှူဒါန်းပေးအပ်သော ငွေ ၅ သိန်းကျပ်အား Y.M.B.A အသင်းဥက္ကဋ္ဌနှင့်တာ၀န်ရှိသူများက လက်ခံရယူခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်လောဟာနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ စေတနာရှင်များ၊ လူမှုရေးအဖွဲ့အစည်းများ ၊ဧည့်ပရိတ်သတ်များက ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ဝါဆိုသင်္ကန်းနှင့် သီလရှင်များအား နဝကမ္မနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲဖြစ်မြောက်ရေးအဖွဲ့ အတွင်းရေးမှူးမှ ၀မ်းမြောက်စကားပြောကြားပြီး မြို့နယ်ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တသီလာစာရထံတော်မှ အနုမောဒနာတရားနာယူကာ မြို့နယ်သံဃာ့၀န်ဆောင်၊ ဩဝါဒါစရိယ မင်္ဂလဓမ္မဇောတိကဓဇ (မဟာသဒ္ဓမ္မဇောတိကဓဇ)ဘန္ဒန္တက္ကန္ဒက ဓမ္မိဿရကျောင်း ဆရာတော်ထံမှလှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဒုတိယအကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းရာတွင် မြောက်ဥက္ကလာအတွင်းရှိ ဂိုဏ်းပေါင်းစုံ မြို့နယ်သံဃာ့အဖွဲ့အစည်းအသီးသီးမှ ဆရာတော် ၆၁ ပါး နှင့် သီလရှင် ၁၁ ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ၏ စုပေါင်းဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည့် တန်ဖိုးမှာ ကျပ်သိန်း ၁၃၀ ကျော် နီးပါးဖြစ်ကြောင်းသိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန် (ပြန်/ဆက်)