တွံတေး သြဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့၏ ကျက်သရေဆောင်ရှေးဟောင်းသမိုင်းဝင်ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော ဆံကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ၁၃၈၆-ခုနှစ်၊ ဝါခေါင်လပြည်နေ့(မေတ္တာအခါတော်နေ့) နေ့ထူးနေ့မြတ်အခါသမယ၌ ရွှေဆံတော်စေတီဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကကြီးမှူး၍ ကျင်းပသော (၁၄)ကြိမ်မြောက် ဝါခေါင်လပြည့်(မေတ္တာအခါတော်နေ့) မေတ္တာသုတ် ရွတ်ဖတ်ပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ရွှေဆံတော်စေတီရင်ပြင် မြောက်ဘက်ရှိ ချစ်တီး၊ ဒေါ်ပုတန်ဆောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ မေတ္တာအခါတော်နေ့အခမ်းအနားစတင်ဖွင့်လှစ်ပြီး တွံတေးမြို့ စျေးကျောင်းကျောင်းတိုက်၏ ဦးစီးပဓာနနာယက ဘဒ္ဒန္တဣဓာစရက ရောင်ခြည်တော်ဖွင့်ဂါထာတော်ဖြင့် ဘုရားပင့်ပူဇော်ကာ ရွှေဆံတော်စေတီ သြဝါဒစရိယ ညောင်တံခါးဆရာတော် ဘဒ္ဒန္တသုမနထံမှ ကိုးပါးသီလနှင့် မေတ္တာအခါတော်နေ့အကြောင်းသိကောင်းစရာအား နာယူဆောက်တည်ကြသည်။
ယင်းနောက် ရွှေဆံတော်စေတီဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအေးကိုက မေတ္တာအခါတော်နေ့ကျင်းပရခြင်းအကြောင်းလျှောက်ထားခဲ့သည်။ စမတောင်ဓမ္မရိပ်သာကျောင်းတိုက်ဆရာတော် ဒေါက်တာအရှင်အရိယာဝံသမှ နတ်မြတ်၊ နတ်ကောင်း၊ နတ်ဗြဟ္ဗာအပေါင်းတို့အား မေတ္တာသုတ်ဒေသနာဂါထာတော်ဖြင့် ဖိတ်ကြားခြင်း၊ ရွှေလက်ခုပ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတေဇောဘာသမှ ပရိတ်ပျိုးဂါထာတော်ကို ရွတ်ဖတ်ပူဇော်ခြင်း၊ သံဃာတော်၊ သီလရှင်၊ လူပရိတ်သတ်အပေါင်းမှ မေတ္တာသုတ်တော်ကို (၅၂၈)ခေါက် ရွတ်ဖတ်ပူဇော်ကြကြောင်း သိရသည်။
ထို့နောက် နေ့လယ် ၂ နာရီအချိန်တွင် မြို့နယ်သံဃာနာယကအဖွဲ့ဥက္ကဋ္ဌမှကြီးကြပ်၍ သံဃာတော်အရှင်သူမြတ်များက မြို့တွင်းအန္တရာယ်ကင်းရှင်းစေရေး မေတ္တာသုတ်တော်အခေါက်ရေ (၅၂၈) ခေါက်ကို မြို့တွင်းလှည့်လည်ရွတ်ဖတ် ပူဇော်ကြကြောင်းသိရသည်။
တွံတေးသား