မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှု (စံပြမိခင်နှင့် ကလေးပြိုင်ပွဲ) ကျင်းပ

ချောက် သြဂုတ် ၁၉

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဦးဆောင်၍ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေးလှုပ်ရှားမှုအဖြစ် စံပြမိခင်နှင့် ကလေးပြိုင်ပွဲကို မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်ကကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အမျိုးသမီးကျန်းမာရေးဆရာမကြီး ဒေါ်စောနန်းထွေးက တက်ရောက်လာသော ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များအား အစာအုပ်စု (၃) အုပ်စုအကြောင်း ရှင်းလင်းပြောကြားပြီး အာဟာရပြည့်ဝမျှတသည့် အစားအစာများ ပြင်ဆင်ချက်ပြုတ်နည်းများအကြောင်း အသိပညာပေးခဲ့သည်။

ထိုနောက်ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု​ကြီး​ကြပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းမာသိန်း၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းနွမ်ခန်းခေါင်နှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမျိုးသက်ဦးတို့က စံပြမိခင်နှင့်ကလေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ သားဖွားဆရာမ ဒေါ်လှလှဝင်းဦး​ဆောင်၍ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက မိခင်နို့ စနစ်တကျတိုက်ကျွေးနည်းကို သရုပ်ပြသင်ကြား​ပေးခဲ့​ပြီး ငါးနှစ်အောက်ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းတာခြင်း၊ လက်မောင်းလုံးပတ်တိုင်းတာခြင်း၊ ဗီတာမင်အေနှင့်သံချဆေးတိုက်ကျွေးခြင်းများ​ ဆောင်ရွက်ခဲ့​ကြသည်။ ထို့​နောက် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ်များအား အာဟာရနို့ဆန်ပြုတ်များ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)