ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများမှ ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် (တတိယအကြိမ်မြောက်) စားသောက်ဖွယ်ရာများ မေတ္တာဖြင့်ထပ်မံပေးပို့လှူဒါန်း

ပြည် ဩဂုတ် ၁၉

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ထားကာ အသက်ကိုပဓာနမထားဘဲ စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများအတွက် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ၊ တပ်မတော်ချစ်သူများက စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းလျက်ရှိရာ ယမန်နေ့က တတိယအကြိမ်မြောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ စုပေါင်းအားဖြင့် ပြည်သူများက တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တိုင်းပြည်အတွက် အနစ်နာခံမှု၊ ပေးဆပ်မှု၊ ကိုယ်စွန့်မှု၊ ရဲဝင့်စွန့်စားမှုများအပေါ် စေတနာမေတ္တာ တုံ့ပြန်သောအားဖြင့် ပြည်မြို့၊ မြို့တော်ခန်းမ၌ စားသောက်ဖွယ်ရာများ စုပေါင်းကြော်လှော် ချက်ပြုတ်ခဲ့ကြပြီး ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင်ထုပ်ပိုးနေမှုများအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ပါဝင်ကူညီဆောင်ရွက် နေကြသူများအား တိုင်းဒေကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

နိုင်ငံတော်လုံခြုံရေးနှင့် နယ်မြေဒေသကာကွယ်ရေးအတွက် မိမိတို့၏ အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားစွာဖြင့် ရှေ့တန်းတွင် တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ငါးခြောက်ငရုတ်သီးကြော်၊ ငါးပိငံပြာရည်‌ကြော်၊ ငါးပိထောင်း၊ ငါးသေတ္တာဗူး၊ ခေါက်ဆွဲခြောက်၊ လက်ဖက်၊ ပဲကြော်မျိုးစုံ၊ ကော်ဖီမစ်၊ မုန့်မျိုးစုံ၊ ဆေးလိပ်နှင့် အခြားအသင့်စားသောက်ဖွယ်ရာများအား ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိအသင်းအဖွဲ့များက “တရားသောစစ် အမြန်ဆုံးအောင်မြင်ပါစေ၊ နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်နေသော တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ အန္တရာယ်ကင်းရှင်းပါစေ၊ တိုင်းပြည်၏အန္တရာယ်ရန်စွယ်အပေါင်းကို တွန်းလှန်တိုက်ခိုက်နေသည့် တပ်မတော်သားများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လေးစားဂုဏ်ယူလျက်ရှိမှု၊ တပ်မတော်သားများ၏ စွမ်းရည်နှင့်သတ္တိကို ယုံကြည်ကိုးစားနေမှု၊ မကြာမီ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အေးချမ်းစွာပြန်လည်နေထိုင်ရတော့မည်ကို ယုံကြည်မျှော်လင့်နေမှု၊ တိုက်ပွဲတိုင်း အောင်မြင်ပါစေ၊ အိမ်အပြန်လမ်းမှာ အောင်သပြေပန်းနှင့် ကြိုဆိုရန် စောင့်စားနေကြောင်း” စသည့် မေတ္တာစာလွှာများကို ဖတ်ကြားထည့်သွင်းပေးခဲ့ကြသည်။

ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်ပြည်သူများမှ စုပေါင်း၍ ဩဂုတ်လ(၁)ရက်နေ့တွင် တန်ဖိုးငွေကျပ်(၂၅၀)သိန်းကျော် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ဩဂုတ်လ(၆)ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့မှ တိုင်းရင်းသားပြည်သူများ စုပေါင်း၍ ဒုတိယအကြိမ် ငွေကျပ်သိန်း(၁၀၀)ကျော် စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ယခုအခါ တတိယအကြိမ်အဖြစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက စုပေါင်း၍ ငွေကျပ်သိန်း(၃၉၅) ကျော် တန်ဖိုးရှိ စားသောက်ဖွယ်ရာများအား မေတ္တာဖြင့် ထပ်မံပေးပို့ လှူဒါန်းခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်ခရိုင်ပြန်/ဆက်