ပန်းတောင်း သြဂုတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ရှေးဟောင်းသမိုင်းဝင်ရွှေဘုံသာမုနိစေတီမြတ်ကြီး၏ သန္တိသုခဓမ္မာရုံတွင် မုနိလေးဆူရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် ဩဝါဒစရိယဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာအခမ်းအနားကို "နမောတဿ" (၃)ကြိမ်ရွတ်ဆိုပူဇော်ဖွင့်လှစ်ပြီး ဩဝါဒဆရာတော်ကြီး အဂ္ဂမဟာသဒ္ဓမ္မဇောတိကဘဒ္ဒန္တကုမာရ(ရွာဘဲတောင်ပေါ်ကျောင်း)ဆရာတော်ကြီးထံမှ ရှစ်ပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ဆက်လက်၍ မုနိလေးဆူရွှေကြာသင်္ကန်းအလှူရှင်များက ရွှေကြာသင်္ကန်းများကို ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်သူရနှင့် ဂေါပကအဖွဲ့ဝင်များမှ ဩဝါဒဆရာတော်ကြီးများထံ ဝါဆိုသင်္ကန်းနှင့်လှူ ဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဂေါပအဖွဲ့ခေါင်းဆောင်ဦးတင်လှိုင်မှ ဩဝါဒစရိယဆရာတော်ကြီးအား သာသနာရေးဆိုင်ရာလုပ်ငန်းစဉ်များကို လျှောက်ထားခဲ့ပြီးနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခြင်းနှင့် သာဓုအနုမောဒနာခေါ်ဆိုခြင်းများ ဆောင်ရွက်ခဲ့သည်။
၎င်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်သူရဦးဆောင်၍ အလှူရှင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်များ၊ ဂေါပကအဖွဲ့ဝင်များမှ ရွှေကြာသင်္ကန်းများကို လက်ယာရစ်(၁)ပတ်လှည့်လည်ပူဇော်ပြီး သက်ဆိုင်ရာမုနိလေးဆူတွင် ဆက်ကပ်ပူဇော်ခဲ့ကြပြီး အခမ်းအနားကို "ဗုဒ္ဓသာသနံစိရံတိဋ္ဌတု" (၃)ကြိမ်ရွတ်ဆိုပြီးအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)