အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အလှပြုပြင်ခြင်းသင်တန်း ယင်းမာပင်၌ ဖွင့်လှစ်

ယင်းမာပင်   ဇန်နဝါရီ   ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ  အလှ ပြုပြင်ခြင်း သင်တန်း ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီ၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန့်စင်စိုး၊ ယင်းမာပင်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးငြိမ်းထက်တို့က အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ယင်းမာပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးမြင့်သန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အမျိုးသမီးငယ်များ မိမိတို့နေအိမ်၌ပင် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုအပိုဝင်ငွေရရှိစေရန် မြို့နယ်အတွင်းရှိ အလှပြုပြင်ခြင်း ဝါသနာပါသူ အမျိုးသမီးလေးများအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အလှပြုပြင်ခြင်း သင်တန်းကို အခမဲ့ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ သင်တန်းနည်းပြဆရာမက သင်တန်းတွင် သင်ကြားပို့ချပေးမည့် အခြေအနေများ၊ သင်တန်းသူများ အနေဖြင့်လည်း သင်တန်းကာလတွင် စိတ်ပါဝင်စားစွာ သင်ယူကြစေလိုခြင်းနှင့် မိမိအနေဖြင့်လည်း တတ်စွမ်းသမျှအားလုံးကို ကြိုးစားသင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

အဆိုပါ အလှပြုပြင်ခြင်း သင်တန်းသို့ ယင်းမာပင်မြို့နယ်အတွင်းမှ ဝါသနာပါသူအမျိုးသမီး ၁၇ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှ ၁၀ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် သင်တန်းသူများ တက်ရောက်ကြကြောင်း သိရသည်။

သန်းဌေးအောင်(ကနီ)