တောင်တွင်းကြီး သြဂုတ် ၁၈
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနှင့်အခြေခံပညာကျောင်းများမှ စာကြည့်တိုက်များ ရှင်သန်ဖွံဖြိုးတိုးတက်ရေး၊ စာကြည့်တိုက်အင်္ဂါရပ်နှင့်အညီ စနစ်တကျဖြစ်စေရေးအတွက် အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့စာကြည်တိုက် (community centre) ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမိုးမိုးမြင့်က အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး စာကြည့်တိုက်အဓိပ္ပာယ်၊ စာကြည့်တိုက်အမျိုးအစားများ၊ စာစုလုပ်ငန်း၊ စာပြုလုပ်ငန်း၊ စာငှားလုပ်ငန်းများအကြောင်း၊ မျိုးတူစုပြုခြင်း၊ ရည်ညွှန်းစာအုပ်အမျိုးအစားများ၊ စာကြည့်တိုက်စည်းမျဥ်းစည်းကမ်းများနှင့် စာကြည့်တိုက်မှူး၏အရည်အချင်းများအား သင်ကြားပို့ချပေးခဲ့ကာ ဒုတိယဦးစီးမှူးဒေါ်သင်းသင်းမြတ်က DLMS စာရင်းရေးသွင်းခြင်းနှင့်ပတ်သက်၍ ဗဟုသုတရစေရန် ရှင်းလင်းဆွေးနွေးခဲ့သည်။
အဆိုပါသင်တန်းသို့ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်မှူးများ၊ အခြေခံပညာကျောင်းစာကြည့်တိုက်များမှ စာကြည့်တိုက်မှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
နောင်နောင် (ဗိဿနိုးမြေ)