ပြည်တက္ကသိုလ် (၂၅)နှစ်မြောက် ငွေရတုမွေးနေ့အထိမ်းအမှတ် ကာယအလှမယ်ပြိုင်ပွဲ၊ အနုပညာတင်ဆက်ပွဲနှင့် ဈေးရောင်းပွဲတော် စည်ကားသိုက်စွာကျင်းပ

ပြည် ဩဂုတ် ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ပြည်တက္ကသိုလ်၏ (၂၅)နှစ်မြောက် ငွေရတုတက္ကသိုလ်မွေးနေ့အထိမ်းအမှတ် ကာယအလှမယ်ပြိုင်ပွဲ၊ အနုပညာတင်ဆက်ပွဲနှင့် ဈေးရောင်းပွဲတော်ကို ယမန်နေ့က အဆိုပါတက္ကသိုလ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ထိုသို့ကျင်းပရာ၌ ဦးစွာနံနက် ၈ နာရီခွဲတွင် ယင်းတက္ကသိုလ်ဘက်စုံသုံးခန်းမ အဆောက်အအုံအနီး၌ တက္ကသိုလ်ဘာသာရပ်‌ပေါင်းစုံအလိုက် ဈေးဆိုင်ခန်းများဖွင့်လှစ်၍ ပြည်ထမင်းသုပ်၊ ကောက်ညှင်းပေါင်း၊ ရွှေရင်အေး၊ မုန့်လက်ဆောင်း၊ ရှမ်းခေါက်ဆွဲနှင့် ရခိုင်မုန့်တီအပါအဝင် မြန်မာ့ရိုးရာနှင့် တိုင်းရင်းသားရိုးရာအစားအသောက်မျိုးစုံတို့ကို ဈေးနှုန်းချိုသာစွာရောင်းချပေးကြကာ ဈေးရောင်းပွဲတော်တွင် ဘာသာရပ်ပေါင်းစုံမိသားစုများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြပြီး  ပြည်တက္ကသိုလ်ပါမောက္ခချုပ်‌ ဒေါက်တာသက်လွင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ သင်ကြား/စီမံအရာရှိများနှင့် ပါမောက္ခ(ဌာနမှူး)များ၊ပြည်မြို့ရှိ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်အသီးသီးမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ ဖိတ်ကြားထားသောဌာနဆိုင်ရာများ၊ မြို့မိမြိုဖများနှင့် လူမှုရေးအသင်းအဖွဲ့များက ဈေးရောင်းပွဲတော်ပျော်ရွှင်စွာဆင်နွှဲနေမှုနှင့် သီရေတာခန်းမဆောင်၌ သင်္ချာဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ‌နေမှုတို့အား လှည့်လည်ကြည့်ရှုအားပေးကြသည်။

ထို့နောက် ကာယအလှမယ်ပြိုင်ပွဲနှင့်အနုပညာတင်ဆက်ပွဲကို ဘက်စုံသုံးခန်းမဆောင်၌ ဆက်လက်ကျင်းပခဲ့ရာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် တာဝန်ရှိသူများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ဦးစွာ ပြည်တက္ကသိုလ်အနုပညာအသင်းဝင်ကျောင်းသား၊ ကျောင်းသူလေးများက မြကျွန်းညိုညို တေးသီချင်းသီဆိုဖျော်ဖြေမှုဖြင့် အခမ်းအနားစတင်ဖွင့်လှစ်ကာ ပြည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသက်လွင်က ပြည်တက္ကသိုလ်နောက်ခံသမိုင်းအကြောင်းအပါအဝင် တက္ကသိုလ်ငွေရတုမွေးနေ့အထိမ်းအမှတ် အမှာစကားပြောကြားသည်။

ယင်းနောက် ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူလေးများက ပျူအက၊ မြန်မာ့ရိုးရာမိုးဇာ‌ ဗျောအက၊ကရင်ရိုးရာဒုံးယိမ်းအက၊ သာစွဌာနေရာမညမြေ မွန်ရိုးရာအကအလှနှင့် မြန်မာသံစဥ်‌နှင့် ခေတ်ပေါ်တေးသီချင်း သီဆိုဖျော်ဖြေမှုများအပါအဝင် ကဏ္ဍစုံ အဆို၊ အတီး၊ အကအလှများဖြင့် ကပြသီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ဆက်လက်၍ ပြည်တက္ကသိုလ်ဘာသာရပ်ပေါင်းစုံကျောင်းသူလေးများ၏ ကာယအလှမယ်ပြိုင်ပွဲကျင်းပခဲ့ပြီး ပထမ၊ ဒုတိယနှင့် တတိယဆုများကို အကဲဖြတ်ဒိုင်အဖွဲ့ဖြင့် အမှတ်ပေးရွေးချယ်ကာ ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပြည်တက္ကသိုလ်သည် တက္ကသိုလ်အဆင့်မတိုင်မီ ၁၉၇၆-၇၇ခုနှစ်တွင် ရွှေတောင်မြို့ဒေသကောလိပ်အဖြစ် အစပြုတည်ရှိခဲ့ပြီး ၁၉၇၈-၇၉ခုနှစ်တွင် ပဲခူးတိုင်းဒေသကောလိပ်(ရွှေတောင်)အဖြစ် ပြည်မြို့ ရွှေတ‌စ်ချောင်းလမ်းရှိ လက်ရှိပြည်တက္ကသိုလ်တည်နေရာ၌ ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ ယင်းမှတစ်ဆင့် ၁၉၈၁-၈၂ခုနှစ်တွင် ကောလိပ်အဆင့်နှင့် ၁၉၉၅-၉၆ခုနှစ်တွင် ဒီဂရီကောလိပ်အဆင့်သို့လည်းကောင်း၊ ၁၉၉၉-၂၀၀၀ပညာသင်နှစ်တွင် ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)၏တစ်ခုတည်းသော တက္ကသိုလ်အဆင့်သို့ နိုင်ငံတော်က တိုးမြှင့်ပေးခဲ့၍ ယခု၂၀၂၄ခုနှစ်တွင် ပြည်တက္ကသိုလ်၏ တက္ကသိုလ်အဆင့်သက်တမ်းသည် ၂၅နှစ်မြောက် ငွေရတုတိုင်ခဲ့ပြီဖြစ်ကြောင်း ယင်းတက္ကသိုလ်တာဝန်ရှိသူထံမှ သိရသည်။

ကိုဆက်(ပြန်/ဆက်)