မိုင်းပျဉ်း အ.ထ.က ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းတွင်းထူးချွန်လက်ရာပြိုင်ပွဲ ကျင်းပ

မိုင်းပျဉ်း ဩဂုတ် ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဩဂုတ်လ ပညာရေးပြက္ခဒိန်ပါ ကျောင်းတွင်းထူးချွန်လက်ရာပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီက အဆိုပါကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဩဂုတ်လ ပညာရေးပြက္ခဒိန်ပါ လုပ်ငန်းဆောင်ရွက်မှုအနေဖြင့် ကျောင်းတွင်းထူးချွန်ပြိုင်ပွဲများ ကျင်းပရာ ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာခိုင်က အမှာစကားနှင့် ‌ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကို ပြောကြားသည်။ ထို့နောက် လက်မှုပညာပြိုင်ပွဲများ၊ အားကစားပြိုင်ပွဲများကို ‌တစ်ဦးချင်းလိုက်သော်လည်းကောင်း၊ အဖွဲ့လိုက်သော်လည်းကောင်း အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ လက်မှုပညာပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ခြင်းများကို ကျောင်းပညာရေးစုံညီပွဲတော်၌ ထည့်သွင်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း အ.ထ.က ပညာရေးမှ သတင်းရသည်။

နန်းသန္တာဦး(ပြန်/ဆက်)