အ.ထ.က တာခွ၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန် လူငယ်စကားဝိုင်း ကျင်းပ

မြန်အောင် သြဂုတ် ၁၈

ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် ဗလငါးတန် ပြည့်စုံပြီး အသိပညာ ဗဟုသုတ တိုးပွားစေရန် လူရည်ချွန်မောင်မယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်က အ.ထ.က တာခွကျောင်းခန်းမ၌ လူငယ်စကားဝိုင်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ လူငယ်စကားဝိုင်း အခမ်းအနားတွင် မြန်အောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးမြင့်နိုင်က လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ပြီး ရှေ့အနာဂတ်မိမိတို့ဘဝတွင် ဆောင်ရန် ရှောင်ရန် ဗဟုသုတများကို လူငယ်အချင်းချင်းညှိနှိုင်းဆွေးနွေးတိုင်ပင် မျှဝေသည့် အလေ့အကျင့် ကောင်းများရရှိအောင် ဆောင်ရွက်ကြရန် အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်မင်းထွန်းက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်စကားဝိုင်းများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

လူငယ်စကားဝိုင်းကို အ.ထ.က တာခွ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမာနှင့် ပြန်/ဆက် ဦးစီးအရာရှိ ဦးဇော်မင်းထွန်းတို့ ဦးဆောင်၍ Grade-11မှ မောင်အောင်မြင့်မြတ်က လူငယ်နှင့်အောင်မြင်မှု ၊ Grade-10 မှ မနေနီလင်းက လူငယ်နှင့်စာကြည့်တိုက် ၊ Grade-10 မှ မောင်ခန့်ကိုကိုဇော်က လူငယ်နှင့်နည်းပညာ၊ Grade-11မှ မရွှေရည်လင်းလက်က လူငယ်နှင့်စည်းကမ်းခေါင်းစဥ်တို့ဖြင့် ဆွေးနွေးခဲ့ကြရာ တက်ရောက်ကြသည့် ကျောင်းသား/သူများ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည်ဖြေကြားခဲ့ကြသည်။

အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးမာက ကျေးဇူးတင်စကား ပြန်လည် ပြောကြား၍ ပါဝင်ဆွေးနွေးကြသည့် ကျောင်းသားများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြပြီး အမှတ်တရမှတ်တမ်းဓါတ်ပုံရိုက်ကူးသည်။ ဆက်လက်၍ ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းစာကြည့်တိုက်တွင် စာဖတ်သည့် အလေ့ အကျင့်ကောင်းများ ရရှိစေရန် စာအုပ်စာစောင်များပြသ​၍ စာဖတ်စွမ်းရည်တိုးတက်စေရန် မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဝင်းဗိုလ် (မြန်အောင်)