ချောင်းဆုံ ဩဂုတ် ၁၇
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများအနေဖြင့် စာအုပ်စာပေများဖတ်ရှုလေ့လာ၍ အသိပညာဗဟုသုတတိုးပွားလာစေရန် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ကလော့ခနိုင်း(အ.မ.က)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဝင်းဝင်းချောက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် စာအုပ်စာပေမှရရှိမည့် အသိပညာဗဟုသုတများအကြောင်း ပညာပေးဟောပြောခဲ့ပြီး ကျောင်းသား/သူများ သိလိုသည်များကို ပြန်လည်ဖြေကြားပေးခြင်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးနံရံကပ်စာစောင်၊ ကလေးစစ်သားလျော့နည်းပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးစသည့် နံရံကပ်စာစောင်များပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)