မအူပင်မြို့နယ်တွင် သဘာဝဘေးရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးထိခိုက်ပျက်စီးသည့် တောင်သူများအား မျိုးစပါး၊ ဓာတ်မြေဩဇာများထောက်ပံ့ပေးအပ်

မအူပင် ဩဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျုံစုတ်ကျေးရွာအုပ်စု၊ ကျုံစုတ်ကျေးရွာတွင် သဘာဝဘေးရေကြီးနစ်မြုပ်မှုကြောင့် မိုးစပါးထိခိုက်ပျက်စီးသည့် တောင်သူများအား မျိုးစပါး၊ ဓာတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ကျုံစုတ် ကျေးရွာဘုရားကြီး ကျောင်းတိုက်အတွင်း ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီအတွင်းရေးမှူး ဦးဇော်မင်းထွန်းမှ မိုးစပါးစိုက်ဧကများတွင် သဘာဝဘေးရေကြီးနစ်မြုပ်မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ၎င်းနောက်တာဝန်ရှိသူများမှ ကျုံစုတ်ကျေးရွာ၊ အလန်းကြီးကျေးရွာနှင့်တာပတ်အနောက်ကျေးရွာများမှ တောင်သူများအား မျိုးစပါး၊ ဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျုံစုတ်ကျေးရွာ၊ အလန်းကြီးကျေးရွာ၊ တာပတ်အနောက်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့်တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။                                                                                                                                                          

အောင်မြင့်မြတ်(ပြန်/ဆက်)