ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ရန်ပုံငွေ အား ကျေးရွာ ၁၅ ရွာသို့ လွှဲပြောင်းပေး အပ်ပွဲ ကျင်းပ

ပေါက်ခေါင်း   ဇန်နဝါရီ   ၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း(VDP) ကျေးရွာများအား ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည် ။

အဆိုပါပေးအပ်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီဒွန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းဌေး တို့က အမှာစကားများ ပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ဒုတိယဦးစီးမှူး ဦးခင်မောင်ဝင်းက ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပက်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကျေးလက်ဦးစီးမှူးတို့မှ စီမံကိန်းကျေးရွာ(၁၅)ရွာသို့  လွှဲပြောင်းပေးအပ်ရာ ကျေးရွာကော်မတီဝင်များက လက်ခံရယူသည်။

(၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ် ပေါက်ခေါင်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျေးရွာ(၁၅)ရွာတွင် ကျေးရွာတွင်း မြေနီလမ်းခင်းခြင်းလုပ်ငန်း၊ ကွန်ကရစ်လမ်းခင်းခြင်း၊ ရေကန်မှ ရေသွယ်ယူခြင်းလုပ်ငန်း၊ တွင်းတိမ်ရေတွင်း တူးဖော်ခြင်း လုပ်ငန်းနှင့် မြေသားရေကန် တူးဖော်ခြင်းလုပ်ငန်းများကို အဆိုပါရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)