ပေါင်မြို့နယ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်းပြုလုပ်

ပေါင် ဩဂုတ် ၁၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့မွန်းလွဲ (၁) နာရီအချိန်က ပေါင်မြို့နယ် (အ.ထ.က) မင်းတန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် (အ.ထ.က) မင်းတန်းကျောင်းအုပ်ဆရာမကြီးဒေါ်ဥမ္မာခင်က အဖွင့်အမှာစကားပြောကြားပြီး ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာစိုးက လူငယ်များစာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွက်လာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များတိုးတက်လာပြီး အသင်းအဖွဲ့များတွင် ပါဝင်လုပ်ဆောင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ၊ ကိုယ်ရည်ကိုယ်သွေးများနှင့် နှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး (အ.ထ.က) မင်းတန်းကျောင်းမှ Grade – 10 ကျောင်းသား မောင်အောင်မြင့်မြတ်က လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 10 ကျောင်းသူမိနွယ်နွယ်ဦးက လူငယ်နှင့်စာဖတ်ခြင်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 10 ကျောင်းသူ မိခင်ဇာခြည်ဝင်းက လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -10 ကျောင်းသူမနန္ဒာလင်းက လူငယ်နှင့်ပလတ်စတစ်ညစ်ညမ်းမှုကြောင့် ဇီဝမျိုးစုမျိုးကွဲနှင့် အဏ္ဏဝါ‌ဂေဟစနစ်ထိခိုက်မှုဆိုင်ရာ အချက်အလက်များခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade - 10 ကျောင်းသူ မိဖြူဖြူထွေးက လူငယ်နှင့်နည်းပညာခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည့်မေးခွန်းများကိုမေးမြန်းရာ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက ပြန်လည်ဖြေကြားပေးခဲ့သည်။

ယနေ့ကျင်းပသော လူငယ်စကားဝိုင်းသို့ (အ.ထ.က) မင်းတန်းကျောင်းမှ ဆရာ/ဆရာမများ အပါအဝင် ကျောင်းသား ကျောင်းသူ (၂၀၀) ဦးခန့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)