ကန့်ဘလူ ဇန်နဝါရီ ၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်စီမံခန့်ခွဲမှု ကော်မတီတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ စာအုပ်စာပေပြပွဲနှင့် စာအုပ်စျေးရောင်းပွဲတွင် ယနေ့နံနက် ၉ နာရီက ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများကို အမှတ်(၁) အခြေခံပညာအထက်ကျောင်း၌ စတင်ကျင်းပလျက် ရှိသည်။
ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ ဇီးကုန်းမြို့နှင့် ကိုယ်ပိုင်အထက်တန်းကျောင်းများမှ အသက်(၁၆)နှစ်အောက် ဖူဆယ်ဘောလုံးအသင်း (၁၇) သင်း ပါဝင် ယှဉ်ပြိုင်ကစားကြသည်။ ဆက်လက်ပြီး အဆိုပါကျောင်းတွင် ထုပ်ဆီးတိုးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများ ကျင်းပလျက်ရှိကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲတို့တွင် ဆုရရှိသော အသင်းများကို ဇန်နဝါရီလ ၁၀ ရက်နေ့ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ဆုချီးမြှင့်သွားမည်ဖြစ်ပြီး ကလေးစာပေပွဲတော်ကို အဆိုပါကျောင်း၌ ဇန်နဝါရီလ ၉ ရက်နှင့်၁၀ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)၊ မျိုးဝင်းညို(ကျွန်းလှ)