ပွင့်ဖြူ ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်းကျင်းပသည့် ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူမြို့၊ အမှတ်(၂) အခြေခံပညာကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာစိုးစိုးနိုင်က ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏဘက်စုံဖွံ့ဖြိုးရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာဆည်းပူးနိုင်ရေး ကျောင်းကျန်းမာရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ကျောင်းသား၊ ကျောင်းသူများကို ကျန်းမားရေးအသိပညာပေးခြင်းနှင့် စစ်ဆေးကုသပေးခြင်း၊ အာဟာရတိုက်ကျွေးခြင်း၊ ဉာဏပြိုင်ပွဲများ ကျင်းပပေးခြင်းတို့ကို သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်စောစောထားနှင့် အဖွဲ့ဝင်များ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများနှင့်ပူးပေါင်းပြီး အမှတ်(၂)မူလတန်းလွန်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများကို ကျန်းမာရေး အသိပညာဗဟုသုတတိုးပွားစေရန် အစာအုပ်စု(၃)အုပ်စု ဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပေးပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် စာသင်ကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများကို သွားနှင့်ခံတွင်းကျန်းမာရေး စမ်းသပ်စစ်ဆေးကာ လိုအပ်သော ဆေးဝါးကုသပေးခြင်း၊ ဆေးဝါးတိုက်ကျွေးခြင်း၊ ကျန်းမာရေးအသိဖြင့် စနစ်တကျ လက်ဆေးနည်းနှင့် သွားတိုက်နည်းစနစ်များ သရုပ်ပြသခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)