မုဒုံမြို့၌ ကျောင်းကျန်းမာရေးအာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုများဆောင်ရွက်

မုဒုံ  သြဂုတ်  ၁၃

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကျောင်းကျန်းမာရေး အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု ကျန်းမာရေးအသိပညာပေးခြင်းနှင့် ကျောင်းသား/သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အ.ထ.က()၌ ပြုလုပ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မုဒုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင်၏ကြီးကြပ်မှုဖြင့် မြို့နယ်သွားဆရာဝန် ဒေါက်တာလမင်းထက်နှင့် ကျန်းမာရေးဝန်ထမ်းများက အာဟာရဖွံ့ဖြိုးရေးနှင့် ရောဂါကာကွယ်စေသော အစာအုပ်စုများ၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်တားဆီးရေး၊ သွားကျန်းမာရေးနှင့် စနစ်တကျလက်ဆေးနည်းများအကြောင်းတို့ကို ကျောင်းသား/သူများအား အသိပညာပေးရှင်းလင်းပြောကြားသည်။ ထို့နောက် ကျန်းမာရေးဆိုင်ရာများနှင့်ပတ်သက်သည့် အမေးအဖြေဉာဏ်စမ်းမေးခွန်းများ မေးမြန်းရာ ကျောင်းသား/သူများက ဖြေဆိုကြပြီး ဆုလက်ဆောင်များကို တာဝန်ရှိသူများက အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

ဆက်လက်၍ ကျောင်းသား/သူများအား သွားကျန်းမာရေးနှင့် အခြားသောကျန်းမာရေးဆိုင်ရာများကို စစ်ဆေးကုသပေး၍ လိုအပ်သောဆေးဝါးပစ္စည်းများကို အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)