မင်းတုန်းမြို့နယ်တွင် အစားထိုးသီးနှံဖွံ့ဖြိုးရေးအတွက် ပျိုးပင်များနှင့် မြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပ

မင်းတုန်း ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် အစားထိုးသီးနှံဖွံ့ဖြိုးရေးအတွက် ကော်ဖီ၊ သရက်၊ ပိန္နဲပင် ပျိုးပင်များနှင့် သွင်းအားစုဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းတွင်ကျင်းပရာ ဌာနဆိုင်ရာများနှင့် အစားထိုးသီးနှံစိုက်ပျိုးမည့် တောင်သူများ တက်ရောက်ခဲ့ကြပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးကိုကိုခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းဦးက အစားထိုးသီးနှံဖွံ့ဖြိုးရေးအတွက် သွင်းအားစု ဓါမြေဩဇာ၊ ပျိုးပင်များပေးအပ်ရခြင်းနှင့် မင်းတုန်းမြို့နယ်ရှိ ဥယျာဉ်ခြံမြေတွင် စိုက်ပျိုးဖြစ်ထွန်းမည့် နှစ်ရှည်သီးပင်များကို အသိပညာပေးဆွေးနွေးခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာနမှ ငကုန်းရွာ၊ ယင်းကောက်ရွာ၊ မြင်းကွေ့ရွာနှင့် ကန်ကျောကျေးရွာတို့မှ အစားထိုးသီးနှံစိုက်ပျိုးကြမည့် တောင်သူများကို ကော်ဖီပျိုးပင်(၅၀၀၀)၊ သရက်ပျိုးပင်(၄၃၀)၊ ပိန္နဲပျိုးပင်(၅၀)နှင့် မြေဩဇာအိတ်(၄၀)တို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)