ချောက် ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့် အာဟာရဖွံ့ဖြိုးရေး ဒုတိယရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မူလတန်းကျောင်းသား၊ကျောင်းသူများအား အစာအုပ်စုများ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အထက်တန်းအဆင့် အာဟာရကျန်းမာရေးဆိုင်ရာ မေးခွန်း(၁၀၀)ဖြေဆိုပြိုင်ပွဲကို ယနေ့နံနက်၉နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲများတွင် ချောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ(၄၃)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၇)ဦး၊ အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၁၈)ဦး၊ စုစုပေါင်း (၇၈)ဦး ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ခဲ့ကြသည်။
အခမ်းအနားသို့ ချောက်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုခရိုင်ကုသရေးဦးစီးဌာနမှူးဒေါက်တာမျိုးသက်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ခရိုင်ပညာရေးမှူး ဦးမန်းအောင်၊ မြို့နယ်ပညာရေးမှူးဒေါ်ခင်လေးဖြူ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းမာသိန်း၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းနွမ်ခန်းခေါင်နှင့်အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများတက်ရောက်ပြီး လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)