မယ်စဲ့ နိုဝင်ဘာ ၁၉
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် (၃၁)နှစ်မြောက် ကလေးသူငယ်အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ်နေ့ UN CRC Day အကြို လှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဌ မြို့နယ် အုပ်ချုပ် ရေးမှူး ဦးလှမျိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းရုံး ဦးစီးအရာရှိ ဒေါ်သန္တာမြင့်က ကလေးသူငယ်တိုင်း ကလေးသူငယ်အခွင့်အရေးများ သိရှိပြီး ပါဝင်ဆောင်ရွက်ခွင့် များရရှိကာ ကလေး များရဲ့ အခန်းကဏ္ဍပိုမိုမြှင့်တင်ပေးနိုင်မှာဖြစ်ကြောင်း၊ ကလေးများအနေဖြင့် လိုက်နာ ဆောင်ရွက်ရမည့် ကျင့်ဝတ်၊ စည်းကမ်းများကို သိရှိဖို့လိုအပ်ကြောင်းနှင့် ကလေးသူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်စေလိုကြောင်း ပြောကြား သည်။
ဆက်လက်၍ ကလေးသူငယ်ကိုယ်စားလှယ်တစ်ဦးက ကလေးသူငယ်အခွင့်အရေးဥပဒေပါ ကလေးများ၏ လိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးပြိုင်ပွဲတွင် ဆုရရှိသော ကလေးသူငယ် များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့် ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)