ပေါင်မြို့နယ် လက်ပံကျွန်းကျေးရွာ၌ ရေဘေးသင့်ပြည်သူများသည် မိမိတို့၏နေအိမ်များသို့ ပြန်လည်ရောက်ရှိနေထိုင်

ပေါင် ဩဂုတ် ၁၂

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာမှ ရေဘေးသင့်ပြည်သူများသည်  မိမိတို့၏နေအိမ်များသို့  ယနေ့ မွန်းလွဲပိုင်းက ပြန်လည်ရောက်ရှိနေထိုင် လျက်ရှိကြောင်းသိရသည်။

ပေါင်မြို့နယ်၊ လက်ပံကျွန်းကျေးရွာအုပ်စု၊ လက်ပံကျွန်းကျေးရွာ၌  ဇူလိုင်လ (၂၇) ရက်နေ့ က မိုးသည်းထန်စွာရွာသွန်းမှုနှင့် သံလွင်မြစ်ရေမြင့်တက်လာမှုတို့ကြောင့် ကျေးရွာအနိမ့်ပိုင်းများသို့ ရေများဝင်ရောက်ခဲ့ရာ အိမ်ထောင်စု (၇၉)စုတို့မှ လူဦးရေစုစုပေါင်း (၂၇၀)ဦးတို့အား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့တို့မှ အမြင့်ပိုင်းတွင်ရှိသော လက်ပံကျွန်းဘုန်းကြီးကျောင်းသို့ ခေတ္တယာယီ ပြောင်းရွှေ့နေရာချပေးထားခဲ့ကြောင်းသိရသည်။

အဆိုပါ ပြောင်းရွှေ့နေထိုင်ခဲ့သည့် အိမ်ထောင်စု (၇၉)စုတို့မှ လူဦးရေ (၂၇၀)ဦးတို့သည် ယနေ့မွန်းလွဲ ၁ နာရီအချိန်က ရေများကျဆင်းသွားပြီဖြစ်သည့်အတွက် ၎င်းတို့၏ နေအိမ်များသို့ ပြန်လည်ပြောင်းရွှေ့ နေထိုင်လျက်ရှိကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)