လှည်းကူးမြို့နယ်တွင် သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လှည်းကူး သြဂုတ်

ရန်ကုန်တိုင်းဒေသကြီး ၊ လှည်းကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သတ်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ်လ ၇ ရက် မွန်းလွဲ ၁ နာရီက လှည်းကူးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းနောင်က သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းနှင့် ပတ်သတ်၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းကြည်က သန်းခေါင်စာရင်းကောက်ယူရခြင်း၏ ရည်ရွယ်ချက်၊ သမိုင်းကြောင်း၊ ကောက်ယူမည့်နည်းလမ်း၊ ကောက်ယူမည့်အိမ်ထောင်စုမေးခွန်းပုံစံနှင့် အဖွဲ့အစည်းမေးခွန်းများ၊ စာရင်းစစ်နှင့် စာရင်းကောက်များအတည်ပြု သတ်မှတ်ခန့်ထားနိုင်ရေး၊ သင်တန်းများဖွင့်လှစ်နိုင်ရေး စသည့်သန်းခေါင်စာရင်းနှင့် ပတ်သတ်သည့် အကြောင်းအရာများကို ချပြရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသည့် သန်းခေါင်စာရင်းကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက မိမိတို့သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ သန်းခေါင်စာရင်းနှင့်ပတ်သတ်၍ အသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများ၊ ဦးထုပ်နှင့် တီရှပ်အင်္ကျီများကို ဖြန့်ဝေပေးသည်။ အစည်းအဝေးသို့ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)