ဒလ ဩဂုတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ ပြည်သူများအသိပညာဗဟုသုတများတိုးပွားစေရေးနှင့် စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ထောက်ပံ့မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ စာကြည့်တိုက်များကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုဖြင့် မတည်ထောက်ပံ့ငွေ ကျပ်သိန်း ၁၅၀ ဖြင့် စာကြည့်တိုက်အသစ်တည်ဆောက်နေသော ဓနုတ်ကျေးရွာအုပ်စုနှင့် ကျပ်သိန်း ၅၀ ဖြင့် ပြုပြင်တည်ဆောက်နေသော ရခိုင်ချောင်(တောင်)ကျေးရွာများသို့ ဩဂုတ် ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းကြည့်ရှု့စစ်ဆေးရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် မြို့နယ်စာကြည့်တိုက်များ အသစ်တည်ဆောက်ရေးနှင့် ပြုပြင်နိုင်ရေးကြီးကြပ်မှုကော်မတီမှ အဖွဲ့ဝင်များက ဓနုတ်ကျေးရွာအုပ်စုနှင့် ရခိုင်ချောင်(တောင်)ကျေးရွာတို့တွင် စာကြည့်တိုက် ဆောက်လုပ်ရေးအဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့အား အဆောက်အဦအရည်အသွေးပြည့်မီရေး၊ စံချိန်ကိုက်အတိုင်းအတာ မှန်ကန်စွာဆောင်ရွက်ရေး၊ နိုင်ငံတော်အစိုးရမှ ပြည်သူများအသိပညာဗဟုသုတများတိုးပွားစေရန် ဆောင်ရွက်ပေးသည့်အတွက် မိမိတို့ကလည်း အဆောက်အဦဆောက်လုပ်ရာတွင် စေတနာထားဆောင်ရွက်ကြရန် မှာကြားခဲ့ကြသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် မြို့နယ်စာကြည့်တိုက်များအသစ်တည်ဆောက်ရေးနှင့် ပြုပြင်နိုင်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက စာကြည့်တိုက်များဆောင်ရွက်နေမှုအခြေအနေများကို ထပ်မံကြည့်ရှုစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေးမြမိုး (ပြန်/ဆက်)