မြဝတီ ဩဂုတ် ၉
(၂၅)ကြိမ်မြောက်မြန်မာတိုင်းရင်းသားတို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၄)ကို ဩဂုတ် ၆ ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြဝတီမြို့နယ် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က မြန်မာတိုင်းရင်းသားလူမျိုးတို့၏ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို နိုင်ငံတော်မှ ပြန်လည်ကျင်းပပေးခြင်းသည် ရိုးရာယဉ်ကျေးမှု အမွေအနှစ်ဓလေ့စရိုက်များ မပျောက်ပျက်စေရန်ထိန်းသိမ်းခြင်းဖြစ်၍ အလားတူမြဝတီမြို့နယ်တွင်လည်းအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်ဖွဲ့စည်းထားသည့် ကော်မတီဝင်များကကဏ္ဍအလိုက် ပြိုင်ပွဲများတွင် ပူးပေါင်းပါဝင်ကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားပေးပြီး ဒုတိယဥက္ကဋ္ဌ မြို့နယ်ပညာရေးမှူး(ငြိမ်း) ဦးမြင့်ဦးက (၂၅)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပေးသည်။
ထို့နောက် တက်ရောက်ကြသည့် လုပ်ငန်းကော်မတီဝင်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကကဏ္ဍအလိုက် သိရှိလိုသည့်အချက်များ မေးမြန်းဆွေးနွေးကြရာ ဦးစီးကော်မတီဥက္ကဋ္ဌနှင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌများက ဖြည့်စွက်ရှင်းလင်းပေးကြောင်း သိရ သည်။
ဇာဖြူဝင်း(မြဝတီ)