မော်လမြိုင် သြဂုတ် ၉
မွန်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော အန္တရာယ်ကင်း အသံမစဲမဟာပဋ္ဌာန်းပူဇော်ပွဲ ဖွင့်ပွဲမင်္ဂလာအခမ်းအနားကို သြဂုတ် ၇ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ကျိုက်သလ္လံစေတီတော်ရင်ပြင် ပဋ္ဌာန်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အလှူရှင်ဧည့်ပရိသတ်များ၊ ရပ်မိရပ်ဖများတက်ရောက်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး မော်လမြိုင်မြို့၊ အောက်ကျင်းရပ်ကွက်၊ သာသနာ့မာရ်အောင်ဝဲပျံစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ဘဒ္ဒန္တနန္ဒဝံသ (မဟာဂန္ထဝါစကပဏ္ဍိတ)ထံမှ ဧည့်ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ပြီး နတ်ဗြဟ္မာများအား ပင့်ဖိတ်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပဋ္ဌာန်းကျမ်းစာအုပ်နှင့် ပဋ္ဌာန်းအိုးများ၊ လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆရာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကာ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ အတုလရန်အောင်ကျောင်းတိုက်(နိုင်ငံတော် သံဃမဟာနာယကအဖွဲ့) အဖွဲ့ဝင်ဆရာတော် ဘဒ္ဒန္တကောသလ္လ၊(အဂ္ဂမဟာပဏ္ဍိတ)ထံမှ အနုမောဒနာတရားနာယူကြည်ညို၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြကာ ဆရာတော်သံဃာတော်များဦးဆောင်၍ ပရိသတ်အားလုံးက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို သံပြိုင်သုံးကြိမ် ရွတ်ဖတ်ပူဇော်ကြသည်။
ထို့နောက် ပဋ္ဌာန်းဒေသနာတော်ရွတ်ဖတ်ရန် တိုက်တွန်းလွှာဂါထာကို မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ရွှေတောင်ကျောင်းမှ ဦးဝိဝေကက ရွတ်ဖတ်ပူဇော်ကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သံဃာတော်အရှင်သူမြတ်များ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်နေမှုကို ကြည်ညိုခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အန္တရာယ်ကင်းအသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲကို သြဂုတ်လ ၇ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ၉ ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)