မိုင်းပျဉ်း ဩဂုတ် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့၊ ယန်းမိုင်ကျေးရွာအုပ်စု၊ ယန်းမိုင်ကျေးရွာတွင် စာကြည့်တိုက်အဆောက်အအုံအသစ် ဆောက်လုပ်ရန်အတွက် မြေနေရာအား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ ပူးပေါင်း၍ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုကဲ့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၊ ဦးစီးအရာရှိ ဒေါ်နန်းသန္တာဦးနှင့် စာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင်များက ယန်းမိုင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံ၍ နိုင်ငံတော်မှပံ့ပိုးမည့် ကျေးရွာစာကြည့်တိုက်အဆောက်အအုံအသစ် ဆောက်လုပ်ရန်အတွက် မြေနေရာသတ်မှတ်ပေးရန်၊ စာကြည့်တိုက်ဆောက်လုပ်ရာတွင် ညွှန်ကြားချက်များနှင့်အညီ အချိန်မီအမြန်ဆုံးပြီးစီးအောင် ဆောက်လုပ်ပေးနိုင်ရေး၊ ပရိဘောဂနှင့် စာအုပ်စာစောင်များ အလှူခံရရှိရေး၊ စာကြည့်တိုက်ရေရှည်ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး၊ ရပ်ရွာမှ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြရေး၊ စာကြည့်တိုက်အား စာကြည့်တိုက်အင်္ဂါရပ်နှင့်အညီ စနစ်တကျရှိရေးတို့ကို ဆွေးနွေးပြောကြားကြရာ၊ ယန်းမိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးက စာကြည့်တိုက်မြေနေရာ သတ်မှတ်ထားရှိပြီးကြောင်းနှင့် စာကြည့်တိုက်ကိစ္စရပ်များအားလုံး ရပ်ရွာပြည်သူများနှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များမှ ယန်းမိုင်ကျေးရွာ၊ စာကြည့်တိုက်ဆောက်လုပ်မည့် သတ်မှတ်မြေနေရာသို့သွားရောက်၍ မြေနေရာအကျယ်အဝန်း စနစ်တကျတိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
နန်းသန္တာဦး(ပြန်/ဆက်)