ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကလောမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သပြေဆောင်ကျောင်းဆောင်သစ်ဖွင့်ပွဲ တက်ရောက်ချီးမြှင့်ပေးခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ကလော သြဂုတ် ၉

“ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်အံ” ဆိုသည့်အတိုင်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းသား၊ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့် ပညာသင်ကြားရာတွင် အခက်အခဲမရှိစေရေးအတွက် ယမန်နေ့ နံနက်(၈)နာရီခွဲက ကလောခရိုင်၊ ကလောမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် သပြေဆောင် ကျောင်းဆောင်သစ် ဖွင့်လှစ်ပွဲ ကျင်းပသည်။

သပြေဆောင် ကျောင်းဆောင်သစ်ကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ ပြည်နယ်ဝန်ကြီးများတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ပညာရေးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ယဥ်မင်းစုမှ ပြည်နယ်ဝန်ကြီးချုပ်အား အထိမ်းအမှတ်အလံများပေးအပ်၍ သပြေဆောင်ကျောင်း ဆောင်သစ်ဆောက်လုပ်သည့်ကုမ္ပဏီမှ ကျောင်းဆောင်သစ်အား လွှဲပြောင်းပေးအပ်ရာ ကလောမြို့နယ်ပညာရေးမှူး ဒေါ်ခင်နှင်းဆီမှ လက်ခံရယူသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျောင်းဆောင်သစ်အမည်နှင့် မော်ကွန်းစာသားအား အမွှေးနံသာရည် ပက်ဖြန်းပေးကြပြီး ကျောင်းသား၊ကျောင်းသူများက ရှမ်းအကဖြင့် ဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ဘင်ခရာတပ်ဖွဲ့၊ ရှမ်းတိုင်းရင်းသားအကအဖွဲ့၊ ပန်းဖွားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေပေးအပ်၍ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် သပြေဆောင်ကျောင်းသစ်ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်းတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက “ဘက်စုံပညာကိုရည် တို့လှမ်းချီ” သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပေးပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က ယခုဖွင့်သော RC နှစ်ထပ်ကျောင်းဆောင်သစ်(သပြေဆောင်)ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုငွေ ကျပ်သန်းပေါင်း(၄၁၀.၁၆၀)ဖြင့် ကောင်းပြည့်သူကုမ္ပဏီမှ တည်ဆောက်ခဲ့၍ ကျောင်းဆောင်သစ် အရွယ်အစားမှာ ၁၄၀ပေ×၃၀ပေ×၂၅ပေရှိပြီး စာသင်ခန်း(၈)ခန်းပါဝင်ပြီး ကျောင်းသား၊ကျောင်းသူ ဦးရေ(၄၀၀)ဝန်းကျင်ခန့် တက်ရောက်ပညာသင်ကြားမည့် ကျောင်းဆောင်သစ်ဖြစ်ပါကြောင်း ပြောကြားသည်။

၎င်းနောက် ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများနှင့် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးရအောင် သင်ကြားပေးခဲ့သော ဆရာ၊ဆရာမများအား ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများက ဆုချီးမြှင့်ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူနှင့်မိဘများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြ၍ ကျောင်းရှိစာကြည့်တိုက်အား လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ကျောင်းအုပ်ဆရာမကြီးအား မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၄၅၆)ဦး၊ အလယ်တန်းအဆင့် (၄၇၇)ဦး မူလတန်းအဆင့်(၆၁၃)ဦး စုစုပေါင်း ကျောင်းသား၊ကျောင်းသူ (၁၅၄၆)ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကလောမြို့နယ် စည်ပင်သာယာရေးဌာနရုံးသို့ သွားရောက်ရာ ကလောမြို့၊ အောင်ပန်းမြို့ လက်ရှိရေးပေးဝေရေးဆိုင်ရာ အချက်အလက်နှင့်ပြည်သူများ အပန်းဖြေအနားယူနေနိုင်ရန် မောမြေဦးပန်းခြံနှင့်ပတ်သက်၍ ကလောမြို့နယ် စည်ပင်သာယာရေးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးထွန်းမှ ရှင်းလင်းတင်ပြရာ လုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိတို့က ဖြည့်စွက် မှာကြားဆွေးနွေး၍ မောမြေဦးပန်းခြံနှင့် ညဈေးဖွင့်လှစ်သည့်နေရာတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၂)တပ်မတော်ဆေးရုံ (ခုတင်၇၀၀)သို့ သွားရောက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှအလှူငွေများ လှူဒါန်းပေးရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လှူဒါန်းရသည့် အကြောင်းအရင်းများနှင့်ပတ်သက်၍ ပြောကြားပြီး အလှူငွေကျပ်သိန်း(၄၀၀) ပေးအပ်လှူဒါန်းရာ အမှတ်(၂)တပ်မတော်ဆေးရုံ(ခုတင်၇၀၀) အောင်ပန်းဆေးရုံအုပ်ကြီးမှလက်ခံရယူ၍ ပြည်နယ်ဝန်ကြီးချုပ်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အင်းခေါင်းဆည်(ဟဲဟိုးကန်)အား သွားရောက်ကြည့်ရှုရာ ဆည်းမြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ ကလောမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လုပ်ငန်းစီမံကိန်းများ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟဲဟိုးကန်အား ကြည့်ရှုစစ်ဆေး၍ စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထားသော မိုးစပါးမျိုးစေ့ထုတ် (၁၀)ဧက ရွှေရင်အေးမျိုးသန့် မျိုးပွားမျိုးစေ့စိုက်ခင်းနှင့် ရုရှားမျိုးအလုံးသေး၊ အလုံးကြီးအာလူး စိုက်ခင်းစိုက်ပျိုးထားရှိမှု အောင်ပန်းစိုက်ပျိုးရေး သုတေသနခြံမှ G1-G2 မျိုး အာလူးစိုက်ခင်းအား လှည့်လည်ကြည့်ရှုကြပြီး စိုက်ပျိုးရေးဆိုင်ရာ ထွက်ကုန်ပြုပြင်ရေးဌာနသို့ သွားရောက်ကြည့်ရှုရာ စင်တာဆောက်လုပ်ရခြင်း၏ ရည်ရွယ်ချက်များကို တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံတွင်စိုက်ပျိုးရေးဆိုင်ရာ စျေးကွက်ဌာနထူထောင်ခြင်း စီမံကိန်းနှင့်ပတ်သက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးချိုနိုင်ထွန်းက ရှင်းလင်းတင်ပြကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)