ကလိန်အောင်မြို့၌ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်‌ရေးနှင့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကလိန်အောင် ဩဂုတ် ၉

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်‌အောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်းရှိ ပညာရတနာခန်းမ ၌  မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/သူများ သိရှိနားလည်စေရန်အတွက် ဩဂုတ်လ ၇ ရက်နေ့နံနက် ၁၀ နာရီက မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတိုက်ဖျက်‌ရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ကလိန်အောင်မြို့ အခြေခံပညာအထက်တန်းကျောင်းမှကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊ အမှတ်(၁၀)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု(ထားဝယ်)မှ ရဲအုပ်မင်းခိုင်က  လူကုန်ကူးခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် လူသားချင်းဆိုင်ရာ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု သတ်မှတ်ကြကြောင်း၊ လူကုန်ကူးမှုဆိုတဲ့ အဓိပ္ပာယ်ကို အကြမ်းဖျင်းရှင်းလင်း ချက်ကတော့ မိမိအကျိုးစီးပွားတစ်ခုအတွက် လူသားများ၏ ကိုယ်ကာယလုပ်အားကို လူသားအချင်းချင်း ခေါင်းပုံဖြတ် အမြတ်ထုတ်ရယူခြင်းနှင့် လူကုန်ကူး ခံရသော အလုပ်သမားများအား အတင်းအကျပ်ထိန်းချုပ်ကာ လုပ်အားခမပေးဘဲ အနည်းငယ်မျှ သာပေး၍ အလုပ်ခိုင်းစေခြင်း စသည့် အကြောင်းအရာများနှင့် လူကုန်ကူးခံရမူ ဖြစ်ပေါ်လာပုံ အဆင့်ဆင့်အ‌ကြောင်းနှင့်  လူကုန်ကူးတားဆီးနှိမ်နင်းရေးဉပဒေပြစ်မှု၊ ပြစ်ဒဏ်များ‌အကြောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအချက်များကို သိရှိနားလည်စေရန် လိုက်နာရမည့် အချက်များ၊ ရှောင်ရှားရမည့်အချက်များအကြောင်းကို ရှင်းလင်းပြောကြားခြင်း၊ ထို့နောက် နယ်မြေရဲစခန်းမှ ဒုရဲအုပ် သော်ဇင်ဟိန်းက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများအကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ‌‌သော ဆေးဝါးများဆိုင်ရာ ဉပဒေများအကြောင်း၊ မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ ပြဋ္ဌာန်းထားသည့် ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်းနှင့်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်ကင်းရှင်းရေး အတွက် လိုက်နာရမည့်အကြောင်းအရာတို့ကို ပရိုဂျက်တာဖြင့် ပြသ၍ အသိပညာပေး ဟောပြောခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ထားဝယ်မြို့အမှတ်(၁၀)လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှ ရဲအုပ်မင်းခိုင်၊ ကလိန်အောင်မြို့နယ်မြေရဲစခန်းမှ  ဒုရဲအုပ် သော်ဇင်ဟိန်း၊ သစ်တောဦးစီးဌာနမှ တာဝန်ခံ ဘိနယ် ဦးထက်လင်းဦးနှင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း(၄၅၀)ဦးခန့် တက်ရောက်ကြပြီး ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှာ ဝန်ထမ်းများက လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား/သူများက စိတ်ပါးဝင်စားစွာ‌ လေ့လာကြည့်ရှုကြပြီး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)