ကျောက်ဆည်မြို့ အမှတ်(၁၆)အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ် စာစောင်ပြပွဲကျင်းပ

ကျောက်ဆည် ဇူလိုင် ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ(၁)နာရီကကျောင်းသား/ကျောင်းသူများ အသိ ပညာဗဟုသုတများရရှိပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ကျောက်ဆည်မြို့ အမှတ်(၁၆)အခြေခံပညာ မူလတန်းကျောင်းသို့ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် အမှတ်(၁၆)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြတ်သိန်းက ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန်အတွက် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ ဟောပြောပွဲမှ မှတ်သားသင့်သည်များကို သေချာစွာမှတ်ယူ၍ ထူးချွန်သူများဖြစ်အောင် ကြိုးစားသွားကြစေလိုကြောင်း အမှာစကားများပြောကြားခဲ့ပြီး ကျောက်ဆည် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ခင်နှင်းရီက စာပေသည် ခက်ထန်သူအား ယဉ်ကျေးစေပြီး မသိသေးသည့်အရာများကို သိရှိစေကြောင်း၊ ငယ်ရွယ်စဉ်အချိန်ကပင် စာပေ များဖတ်ရှုခြင်းဖြင့်အချိန်ကို ကောင်းစွာအသုံးချသွားကြစေလိုကြောင်း အသိပညာပေးဟောပြောခဲ့သည်။ 

အသိပညာပေးဟောပြောပွဲအပြီးတွင်ကျောင်းသား/ကျောင်းသူများက ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်၊ စာစောင်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအန္တရာယ်ကြိုတင်ကာကွယ်ရေးအကြောင်းများနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များအား  စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)