ရှမ်းရွာသစ်မြို့တွင် မိုးစပါးစိုက်ဧက (၄၀၀၀) ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်

ရှမ်းရွာသစ် ဩဂုတ် ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မိုးရာသီကာလရောက်ပြီဖြစ်၍ ဒေသနေတောင်သူအများစုသည် မိုးစပါးစိုက်ပျိုးနိုင်ရန်အတွက် လယ်ယာလုပ်ငန်းခွင်များသို့ဝင်ရောက်ပြီး  မိုးစပါးများစိုက်ပျိုးလျက်ရှိရာ ယခုအချိန်တွင် မိုးစပါးစိုက်ဧက (၄၀၀၀)ကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် မိုးစပါးစိုက်ဧက (၃၆၂၁)ဧကနှင့် တောင်ယာစိုက်ဧက (၂၁၆၃)ဧက စုစုပေါင်း (၅၇၈၄)ဧကရှိရာ (၄၀၀၀)ဧကခန့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း၊ အဓိကအားဖြင့် စိုက်ပျိုးသည့် စပါးမျိုးများမှာ ဆင်းသုခ၊ မနောသုခ၊ စိန်အောင်မင်းစပါးများကို အဓိကစိုက်ပျိုးကြပြီး မိုးစပါးတစ်ဧက အထွက်နှုန်းတိုးတက်ရေးအတွက်လည်း စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူများသည် မိုးစပါးစိုက်ပျိုးသည့်အချိန်တွင်လည်းကောင်း၊ ရိတ်သိမ်းသည့်အချိန်တွင်လည်းကောင်း စုပေါင်းဘုံစနစ်ဖြင့် အပြန်အလှန်လုပ်ကိုင်ဆောင်ရွက်သည့် ဓလေ့သည် အခြားမြို့များနှင့်မတူခွဲပြားခြားနားသည့် ဓလေ့တစ်ခုဖြစ်ပြီး တောင်ယာနှင့်လယ်ယာမရှိသည့် ဒေသနေပြည်သူများအတွက် တစ်နှစ်ပတ်လုံးလုပ်ကိုင်ဆောင်ရွက်သည့် အဖိုးအခအဖြစ် စပါးပေါ်ချိန် မှသာ စပါးများပေးရကြောင်း ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။

ဇင်လေး(ပြန်/ဆက်)