မင်္ဂလာဒုံ ဩဂုတ် ၉
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်တွင် တိရစ္ဆာန်အစာပေါများစေရန်ရည်ရွယ်၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သင်္ဃန်းကျွန်းကြီးကျေးရွာတွင် နွားမွေးမြူသူတစ်ဦး၏ နွားခြံ၌ ကောက်ရိုးကို ယူရီးယားဖြင့်ပြုပြင်ခြင်းသရုပ်ပြပွဲကို ဩဂုတ်လ ၇ ရက်နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
အဆိုပါသရုပ်ပြပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြောက်ပိုင်းခရိုင်ဦးစီးမှူး ဒေါက်တာနီလာလတ်၊ ပျဉ်းမပင်ခြံများနယ်မြေတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသက်နိုင်ဦး၊ မင်္ဂလာဒုံမြို့နယ်မှ ဦးစီးအရာရှိ ဒေါက်တာနေခြည်နွေးနှင့် ရွှေပြည်သာမြို့နယ်တာဝန်ခံ ဒေါက်တာခင်ခင်ကြီးတို့က ကောက်ရိုးကို ယူရီးယားဖြင့် ပြုပြင်ကျွေးမွေးခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို အသီးသီးရှင်းလင်းပြောကြားခဲ့ကြပြီးနောက် လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါသရုပ်ပြပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မွေးမြူရေးတောင်သူ (၁၈)ဦးခန့်တက်ရောက်ခဲ့ပြီး ကောက်ရိုးအချိန် ၁၀ ပိဿာခန့်ကို ယူရီးယားဖြင့်ပြုပြင်ခြင်း ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းသိန်းထွန်း (ပြန်/ဆက်)