မိတ္ထီလာ ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခုဘဏ္ဍာရေးနှစ်တွင် ဆည်ကုန်းကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ် ဆောင်ရွက်နေမှုအခြေအနေများအား နေ့လယ်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မျိုးလွင်၊ မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်း၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်း၊ ခရိုင်နှင့်မြို့နယ်တာဝန်ခံအင်ဂျင်နီယာများမှ ဆည်ကုန်းကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းတွင် မြေသားအလွှာတင်ခြင်း ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးမှ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေး ပြည့်မီစေရေး အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။
မိတ္ထီလာမြို့နယ်၊ ဆည်ကုန်းကျေးရွာ၌ အရှည် (၀/၆.၈၂)မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ၂ ပေ ၉ လက်မရှိ မြေသားအလွှာခင်း၍ ရိစာဂျင်းမြေခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၆၅ ဒသမ ၁၅ ကျပ်သန်းနှင့် အဆိုပါကုန်ထုတ်လမ်းပေါ်ရှိ Slab Culvert ၃'x၁၈'x၃' (၁)စင်း ခွင့်ပြုရန်ပုံငွေ ၄ ဒသမ ၅ ကျပ်သန်း စုစုပေါင်းခွင့်ပြုရန်ပုံငွေ ၆၉ ဒသမ ၆၅ ကျပ်သန်းဖြင့် မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ယခုနှစ် မေလ စတုတ္ထအပတ်မှစ၍ တာဝန်ယူဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်မှုမှာ ၄၆ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပါသည်။
အဆိုပါ ကျေးရွာကုန်ထုတ်လမ်းလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက ဆည်ကုန်းကျေးရွာ နှင့်အနီးရှိ မွှေကျေးရွာ၊ ဥယျာဉ်ကျေးရွာများမှ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးမြေ ဧက ၃၀၀ ခန့်နှင့် မွေးမြေူရေးလုပ်ငန်း၊ အခြားထုတ်ကုန်၊ ထွက်ကုန်များအား ကုန်ကျစရိတ် သက်သာစွာဖြင့် ဈေးကွက်အတွင်းသို့ အချိန်မီ ရောက်ရှိနိုင်မည်ဖြစ်ပါကြောင်း မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)