ကျိုက်မရော သြဂုတ် ၅
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ဇူလိုင်လနောက်ဆုံးပတ်၌ မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းသဖြင့် အတ္တရံမြစ်ရေမြင့်တက်လာကာ မြစ်ကမ်းအနီး အနိမ့်ပိုင်းရှိရပ်ကွက်များ၊ ကျေးရွာများရှိ နေအိမ်များအတွင်းနှင့် စာသင်ကျောင်းများအတွင်းသို့ ရေများနစ်မြုပ်ဝင်ရောက်ခဲ့သဖြင့် ဒေသခံပြည်သူများ ရေကြီးနစ်မြုတ်မှုဒဏ်ကို အချိန်တစ်ပတ်ခန့်ခံစားခဲ့ရပြီး စာသင်ကျောင်းအချို့ ခေတ္တပိတ်ထားခဲ့ရကြောင်း သိရသည်။
အတ္တရံမြစ်ရေသည် ယမန်နေ့နေ့လယ် (၁၂) နာရီအချိန် တိုင်းတာချက်များအရ (၅၀၆) စင်တီမီတာရှိပြီး စိုးရိမ်ရေမှတ်မှာ (၅၂၀) စင်တီမီတာရှိသဖြင့် စိုးရိမ်ရေမှတ်အောက် ကျဆင်းသွားပြီဖြစ်ရာ ဒေသခံပြည်သူများအနေဖြင့် မိမိတို့၏နေအိမ်များမှ ပြောင်းရွှေ့ရန်မလိုအပ်တော့ပဲ အေးချမ်းသာယာစွာဖြင့် မိမိတို့၏စိုက်ပျိုးရေး၊ မွေးမြူရေး၊ စီးပွားရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ပြန်လည်လုပ်ဆောင်နေကြပြီးဖြစ်ကြောင်းနှင့် ယာယီပိတ်ထားရသော အခြေခံပညာစာသင်ကျောင်းအချို့လည်း ပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရန်အတွက် သက်ဆိုင်ရာဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများပူးပေါင်း၍ ကျောင်းသန့်ရှင်းရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း ရေကြီးနစ်မြုပ်ခဲ့သည့် မူလတန်းလွန်ကျောင်းမှ တာဝန်ခံဆရာမတစ်ဦး၏ ပြောပြချက်အရ သိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)