လက်ပံတန်းမြို့နယ်၌ ရေဘေးသင့်တောင်သူများထံသို့ တိရိစ္ဆာန်အစာများထောက်ပံ့

လက်ပံတန်း ဩဂုတ် ၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရေဘေးသင့်ဒေသ တောင်သူများ၏ အိမ်မွေးတိရစ္ဆာန်များအတွက် တိရိစ္ဆာန်အစာထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မင်းရပ်ရပ်ကွက် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်က အမှာစကားပြောကြားပြီး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဇော်မြင့်အောင်က တိရိစ္ဆာန်အစာ ထောက်ပံ့ရခြင်းရည်ရွယ်ချက်နှင့် အစာကျွေးမွေးမှုနည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ လက်ပံတန်းမြို့နယ်အတွင်း ရေဘေးသင့်ကျေးရွာအုပ်စု ၁၀ အုပ်စုမှ တိရိစ္ဆာန်မွေးမြူသူတောင်သူများအား တစ်အုပ်စုလျှင် ၅၀ ကီလိုဂရမ်လေးအိတ်နှုန်းဖြင့် စုစုပေါင်းအိတ် (၄၀) ထောက်ပံ့ပေးအပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများက လက်ခံရယူပြီး ကျန်ရှိသောကျေးရွာအုပ်စုများကို ဆက်လက်ထောက်ပံ့နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)