ကျိုက်မရော ဇူလိုင် ၃၁
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း မိုသည်းထန်စွာရွာသွန်းပြီး အတ္ထရံမြစ်ရေဝင်ရောက်မှုကြောင့် ယနေ့အထိ အခြေခံပညာကျောင်းပေါင်း (၂၅) ကျောင်း ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြစ်ရေမြင့်တက်မှုကြောင့် ယာယီပိတ်ထားသောကျောင်းများမှာ အထက်တန်းကျောင်းခွဲ (၂) ကျောင်း၊ အလယ်တန်းကျောင်းခွဲ (၃) ကျောင်း၊ မူလတန်း(လွန်)ကျောင်း (၂) ကျောင်း၊ မူလတန်းကျောင်း (၁၈) ကျောင်း၊ စုစုပေါင်းအခြေခံပညာကျောင်း (၂၅) ဖြစ်ပြီး ကျောင်းဝင်းအတွင်းနှင့် စာသင်ဆောင်များအတွင်းသို့ ရေများဝင်ရောက်သဖြင့် ယာယီပိတ်ထားရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါကျောင်းများအား ရေပြန်လည်ကျဆင်းသည်အထိ ပိတ်ထားပြီး ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ပါက သင်ခန်းစာများ နောက်ကျမှုမရှိစေရေးအတွက် ကျောင်းပိတ်ရက်များတွင် အစားထိုး၍ ပြန်လည်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ချိုမြတ်မြတ်ထွေး (ပြန်/ဆက်)