မော်လမြိုင် ဇူလိုင် ၃၁
မွန်ပြည်နယ် ၂ဝ၂၄ ခုနှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းကော်မတီဝင်များ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် ပညာရေးတွင် အစဉ်အလာကောင်းသည့် ပြည်နယ်တစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမှာ မွန်ပြည်နယ်မှ ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ပြည်နယ်ဂုဏ်ဆောင် ကျောင်းသား/ကျောင်းသူများကို ဂုဏ်ပြုချီးမြှင့်သွားမည်ဖြစ်ကြောင်း၊ ပြည်နယ်အနေဖြင့် ပညာသင်နှစ်အစ ကျောင်းဖွင့်ရာသီတွင် ကျောင်းများတိုးချဲ့ဖွင့်လှစ်နိုင်ရေး၊ ကျောင်းတက်ရာခိုင်နှုန်းနှင့် တန်းစဉ်ကူးပြောင်းမှုနှုန်း ပိုမိုမြင့်မားလာစေရေး၊ အတန်းလိုက်အောင်ချက်မြင့်မားရေးတို့ကို အစဉ်တစ်စိုက်ချီးမြှင့်အားပေး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပြီး ပညာရေးကဏ္ဍတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဝင်များမှ ၂ဝ၂၄ ခုနှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
မွန်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၃/၂ဝ၂၄)လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းသည် နိုင်ငံတော်ကို မီးခိုးမထွက်ဘဲ အခွန်ငွေရှာဖွေပေးနေသည့် လုပ်ငန်းဖြစ်သည့်အတွက် ပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခရီးသွားဒေသများတွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှု၊ ဒေသထွက်အစားအစာများ အရည်အသွေးကောင်းမွန်စွာ ထုတ်လုပ်ရောင်းချမှုနှင့် ခရီးစဉ်ဒေသများတွင် လမ်းညွှန်အမှတ်အသားများ ထားရှိစေရေးဆောင်ရွက်ပေးကြ စေလိုပါကြောင်းနှင့် ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတက်အောင် ဆောင်ရွက်ပေးကြရန်နှင့် ခရီးသွားကဏ္ဍဖွံဖြိုးတိုးတက်စေရေး အလုပ်အပိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး ဝိုင်းဝန်း ဖန်တီးပေးကြစေလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇေယျာထွန်းမှ ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် မွန်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင်များမှ ဟိုတယ်နှင့်ခရီးသွားကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးနှင့်ပတ်သက်၍ ကဏ္ဍအလိုက်ရှင်းလင်းတင်ခဲ့ကြမှုအပေါ် ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ်(၄/၂၀၂၄)ကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် စီးပွားရေးအရအချက်အခြာကျသည့် နေရာတစ်ခုဖြစ်ပြီး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်၍ ရေရှည်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဆောင်ရွက်နိုင်ရေးကို အထူးအလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများပါဝင်သည့် စီးပွားရေးအခြေခံကောင်းများ တည်ဆောက်ပြီး တစ်ဖက်ကလည်း ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရေး ဆောင်ရွက်ကြရန်လိုကြောင်း၊ ကော်မတီအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေဖို့နှင့် ရင်းနှီးမြုပ်နှံသူများ လုပ်သာကိုင်သာရှိအောင်၊ စီးပွားရေးအခြေအနေ အလားလာကောင်းများရှိလာအောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်၊၊
ခရိုင်(ပြန်/ဆက်)