ကန်ကြီးထောင့်မြို့နယ်တွင် ယာယီရေဘေးရှောင်ဒေသခံများအား ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်

ကန်ကြီးထောင့် ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် နေ့စဉ်မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုတို့ကြောင့် မြို့နယ်အတွင်း ကျေးရွာအုပ်စုအချို့ရှိ ဒေသခံပြည်သူများအား ယာယီရေဘေးရှောင်စခန်းသို့ တာဝန်ရှိသူများက ပြောင်းရွှေ့ထားခဲ့ရကြောင်း သိရသည်။

အဆိုပါဒေသခံပြည်သူများအား ယမန်နေ့နေ့လယ်(၁)နာရီအချိန်ခန့်က တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးမင်းသိန်း ဦးဆောင်သောအဖွဲ့များသည် အမှတ်(၁)ရပ်ကွက်၊ မင်္ဂလာရာမဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားရှိသာ ယာယီရေဘေးရှောင်စခန်းသို့သွားရောက်၍ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေနှင့် ကာဘော်လစ်ဆပ်ပြာများအား ပေးအပ် ခဲ့ကြသည်။

ထိုသို့သွားရောက်ပေးအပ်ရာတွင် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးမင်းသိန်း၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၊ မြိုနယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးကြည်နှင့်အဖွဲ့များက မြို့နယ်အတွင်း ရေဘေးရှောင် အိမ်ထောင်စု(၁၉၇)စု၊ လူဦးရေ(၈၀၀)ဦးအတွက် လူတစ်ဦးလျှင် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂၁၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၁၆၈၀၀၀၀/-)နှင့် အိမ်ထောင်စု(၁၈၄)စုအတွက် ကာဘော်လစ်ဆပ်ပြာ(၁၈၄) တောင့်အား ထောက်ပံ့ပေးအပ်ခဲ့ကြပြီး သက်ဆိုင်ရာတာဝန်ရှိသူများက အဆိုပါ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေနှင့် ကာဘော်လစ်ဆပ်ပြာများအား မြို့နယ်အတွင်းရှိ ရေဘေးရှောင်စခန်းများသို့ ဆက်လက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)