ကန်ကြီးထောင့်မြို့နယ်တွင် ယာယီရေးဘေးရှောင်စခန်းသို့ ပြောင်းရွှေ့နေထိုင်နေရသည့် ဒေသခံပြည်သူမျာားအား တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများပေးအပ်၊ တာ‌ဘောင်များအား ကြည့်ရှုစစ်ဆေး

ကန်ကြီးထောင့် ဇူလိုင် ၃၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် နေ့စဉ်မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ဒါးကမြစ်ရေမြင့်တက်မှုတို့ကြောင့် မြိုနယ်အတွင်း ကျေးရွာအုပ်စုအချို့ရှိ ဒေသခံပြည်သူများအား ယာယီရေဘေးရှောင်စခန်းသို့ တာဝန်ရှိသူများက ပြောင်းရွှေ့ထားခဲ့ရသည်။

ယခုအခါ ကန်ကြီးထောင့်မြို့နယ်တွင် ယာယီရေဘေးရှောင်စခန်း (၁၀) ခုအား ဖွင့်လှစ်ထားရှိပြီး အိမ်ထောင်စု (၁၉၇) စု၊ လူဦးရေ (၈၀၀) အား ယာယီ ရွေ့ပြောင်းထားရှိခဲ့သည်။ အဆိုပါ ယာယီရေဘေးရှောင်စခန်း (၁၀) ခုအနက် အမှတ် (၁) ရပ်ကွက်ရှိ မင်္ဂလာရာမဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားရှိသော ယာယီရေဘေးရှောင်စခန်းသို့ ‌‌ပြောင်းရွေ့နေထိုင်နေရသော ဒေသခံပြည်သူများအား ဇူလိုင်လ (၂၉) ရက်နေ့ ညနေ့ (၄)နာရီအချိန်က မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူး ရဲနိုင်လွင်နှင့်အဖွဲ့များက မြို့နယ်အစီအစဉ်ဖြင့် ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြသည်။

ထိုသို့ ထောက်ပံ့ပစ္စည်းများ သွားရောက်ပေးအပ်ရာတွင် မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌမြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သောအဖွဲ့များက အဆိုပါယာယီရေဘေးရှောင်စခန်းတွင် ပြောင်းရွေ့ နေထိုင်နေရသော အိမ်ထောင်စု (၆၅) စု၊လူဦးရေ ကျား (၁၃၀) ဦး၊ မ (၁၂၆) ဦး၊ ပေါင်း (၂၅၆) ဦးအတွက် အိမ်ထောင်တစ်စုလျင်ဆန် ၁ ပြည်၊ ဆီ ၅၀ သါး၊ ရေသန့် ၁ ဗူး၊ ခေါက်ဆွဲခြောက် ၂ ထုတ်၊ နှစ်ပြန်ကြော် ၁၀သါးစီတို့အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) နှင့်အဖွဲ့များသည် ကန်ကြီးထောင့်မြို့နယ်၊ မင်းကုန်းပိုင်းရှိ တာဘောင်အား တာစိမ့်ပေါက်မှုရှိ/မရှိ၊ ကြံ့ခိုင်မှုရှိ/မရှိတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြရာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်း၊ ဒါးကမြစ်ဘေးရှိ နေအိမ်များအတွင်း မြစ်ရေဝင်ရောက်မှုအခြေအနေများနှင့် မြစ်ရေတက်/ကျမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)