ဆင်ပေါင်ဝဲ ဇူလိုင် ၃၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအတွက် ၂၀၂၄ ခုနှစ်၊ မိုးရာသီ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးခြင်းကို ယမန်နေ့နေ့လယ် ၂ နာရီခွဲအချိန်က ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆင်ပေါင်ဝဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးစန်းသော်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ကျေးရွာအုပ်စုအလိုက် စပါး(၁)ဧက ငွေကျပ် တစ်သိန်းငါးသောင်းနှုန်း၊ နှမ်း(၁)ဧက ငွေကျပ်တစ်သိန်းနှုန်းတို့ကို အတိုးနှုန်းငါးရာခိုင်နှုန်းဖြင့် ထုတ်ချေးမှာဖြစ်ပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)ရှိသည့် တောင်သူများကိုသာ ထုတ်ချေးပေးသွားမှာဖြစ်ကြောင်း၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးသော ကျေးရွာတောင်သူများကို သီးနှံအာမခံထားရှိရေး၊ စည်းရုံးရှင်းလင်းခြင်းနှင့် ကျေးရွာတောင်သူများကို ချေးငွေထုတ်ချေးသည့် စာချုပ်ပါစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးရာတွင် ယခင်စိုက်ပျိုးစရိတ်ချေးငွေများ ပြေကျေစွာ ပေးဆပ်ပြီးသူများကို ထုတ်ချေးပေးခြင်းဖြစ်ပြီး ဒဂုံမှော်ကျေးရွာအုပ်စုနှင့် မကြီးကန်ကျေးရွာအုပ်စုမှ တောင်သူ(၁၄၆)ဦး၏ စပါးသီးနှံဧက(၂၄၀)ဧက၊ အခြားသီးနှံဧက(၇၆၀) ဧကအတွက် ချေးငွေကျပ် (၁၁၂၀) သိန်းကို ထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)