ကန့်ဘလူ ဇူလိုင် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်သစ်တောဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုး၊ ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲနှင့် သစ်ပင်စိုက်ပျိုးခြင်းကို ယမန်နေ့နံနက် ၉ နာရီက ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးစိုးမြတ်သူက သစ်တောများ၏အရေးပါမှု၊ သစ်တောထိန်းသိမ်းခြင်းကြောင့် ရာသီဥတုမျှတစေရန်၊ လူများအတွက် စားဝတ်နေရေးအသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးရန်၊ အပန်းဖြေနားနေနိုင်တို့ကိုလည်းကောင်း၊ တောအုပ်ဦးအောင်မျိုးသန့်က ဌာန၏လုပ်ငန်းစဥ်များနှင့် ဌာနမှ တည်ထောင်စိုက်ပျိုးသည့် စိုက်ခင်းများအကြောင်းကို လည်းကောင်း၊ တောအုပ်ဦးစိုးစိုးက သစ်တောပြုန်းတီးရခြင်း၊ ရာသီဥတုဖောက်ပြန်ရခြင်း အကြောင်းရင်းများနှင့် ကျောင်းသားကျောင်းသူများအနေဖြင့်လည်း သစ်တောသစ်ပင်များကို ဝိုင်းဝန်းထိန်းသိမ်းကာကွယ်ပေးရန်တို့ကိုလည်းကောင်း အသီးသီးဆွေးနွေးဟောပြောကြသည်။
ထို့နောက် အ.ထ.က( ၁) ခရေကျောင်းဆောင်ရှေ့၌ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက သစ်ပင်ရှင်သန်အောင် စိုက်ပျိုးနည်းနှင့် သစ်ပင်စိုက်ပျိုးခြင်းကြောင့် ရရှိလာသောအကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူ ကျောင်းသား ကျောင်းသူများက ခရေပင် (၁၀)ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)